ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတွေထဲက တစ်သင်း ဖြစ်တဲ့ တော့တင်ဟမ်ဟော့ စပါးအသင်း ကတော့ စပိန်လာလီဂါ ကလပ် ရီးရဲလ် မက်ဒရစ်အသင်းရဲ့ ကစားသမား နှစ်ဦး ဖြစ်တဲ့ တောင်ပံတိုက်စစ် ကစားသမား ဘေးလ်နဲ့ ရယ်ဂီလွန် တို့ နှစ်ဦးစလုံးကို ခေါ်ယူဖို့အတွက် ရီးရဲလ် မက်ဒရစ်အသင်းနဲ့ တရားဝင် ဆွေးနွေးနေတယ် လို့ ခိုင်လုံတဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက် အရ သိရှိရပါတယ်။ ဘေးလ်နဲ့ ရယ်ဂီလွန်တို့ကို ခေါ်ယူဖို့ အတွက် လတ်တလောမှာ စပါးအသင်းရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် အသင်း ဖြစ်တဲ့ မန်ယူအသင်းက ကြိုးစားနေပေမယ့် နောက်ဆုံး ရရှိထားတဲ့ သတင်းတွေ အရတော့ စပါးအသင်းဟာ မန်ယူအသင်းကို ကျော်ဖြတ်ကာ ကစားသမား နှစ်ဦးစလုံးကို ရရှိဖို့ နီးစပ်နေပြီ လို့ သိရပါတယ်။

Photo Credit: Marca

နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်တဲ့ Ornsteinရဲ့ ဖော်ပြချက် အရတော့ ယမန်နေ့ညမှာ စပါးအသင်းဟာ ရယ်ဂီလွန်အတွက် ရီးရဲလ် မက်ဒရစ်အသင်းဆီ တရားဝင် ဆက်သွယ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ် အသင်းဘက်က ရယ်ဂီလွန် အတွက် အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်းကို ပေးချေဖို့ သဘောတူထားသလို Buy Back Clause ကိုပါ ထည့်သွင်းခွင့်ပြုမယ်လို့ သိရပါတယ်။ တစ်ဖက်မှာတော့ မန်ယူအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်း တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်းကို ပေးချေဖို့ ဆန္ဒရှိပေမယ့် Buy Back Clause အပါအဝင် ကစားသမားကို ပြန်လည် ဝယ်ယူခွင့် ရရှိမယ့် မည်သည့် ကမ်းလှမ်းမှုကိုမှ ထည့်သွင်းခွင့် မပြုတာကြောင့် အပြောင်းအရွှေ့ဟာ ကြန့်ကြာနေပြီး ရီးရဲလ်မက်ဒရစ် အသင်းအနေနဲ့ စပါးအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ နီးစပ်နေကြောင်း စပိန် အခြေစိုက် သတင်းဌာနတွေက ဆိုထားကြပါတယ်။

Photo Credit: AS English

ဒါ့အပြင် စပါးအသင်းရဲ့ ဥက္ကဌ ဖြစ်သူ လီဗိုင်းဟာ သူတို့အသင်းရဲ့ ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ဂါရတ်ဘေးလ်ကို တစ်ရာသီ အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေပြီး ရီးရဲလ်မက်ဒရစ် အသင်းထံ တရားဝင် ကမ်းလှမ်းထားသလို ဂါရတ်ဘေးလ်ကိုလည်း ဖုန်းနဲ့ ဆက်သွယ်ကာ အပြောင်းအရွှေ့ အတွက် ပြောဆိုထားကြောင်း နာမည်ကြီး သတင်းထောက် ဖြစ်သူ Fabrizio Romano က ဆိုထားပါတယ်။ ဂါရတ်ဘေးလ်ရဲ့ အေးဂျင့်ဖြစ်သူ ဂျိုနသန် ဘားနက်ကလည်း အဆိုပါ သတင်းတွေအပေါ် အတည်ပြုပေးထားပြီး ဘေးလ်ဟာ စပါးအသင်းထံ ပြန်ပြောင်းချင်နေတယ် လို့ ထုတ်ဖော် ပြောကြားသွားပါတယ်။ ဘားနက်က ” ဂါရတ်(ဘေးလ်)က စပါးအသင်း ကို ချစ်မြတ်နိုးနေဆဲပါ။ ကျွန်တော်တို့ ဆွေးနွေးနေကြပါတယ်။ စပါးအသင်းဟာ သူ ပြောင်းရွှေ့ချင်တဲ့ အသင်းတစ်သင်းပါ ” လို့ ပြောကြားသွားခဲ့တာပါ။ ဒါ့ကြောင့် ဂါရတ်ဘေးလ်ဟာလည်း စပါးအသင်းထံကို မကြာမီမှာ ရောက်ရှိသွားဖွယ် ရှိလို့ နေပါတယ်။