စပိန် လာလီဂါ ထိပ်သီးအသင်း ဖြစ်တဲ့ ရီးရဲလ် မက်ဒရစ်အသင်းရဲ့ ဝေးလ်လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဂါရတ်ဘေးလ် ကတော့ သူ့ကို ခေါ်ယူဖို့ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်ယူအသင်းက စိတ်ဝင်စားလာချိန်မှာ အင်္ဂလန် ပရီးမီးယားလိဂ်ဆီ ပြန်လာချင်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။ အသက် ၃၁နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ဝေးလ်လက်ရွေးစင် ကစားသမား ဂါရတ်ဘေးလ်ဟာ တစ်ချိန်က ပရီးမီးယားလိဂ်ကလပ် စပါးအသင်းမှာ ကစားခဲ့ဖူးသူ ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ရီးရဲလ် မက်ဒရစ်အသင်းထံ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ် ဖြစ်တဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၀၁ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Express

ဂါရတ်ဘေးလ်ဟာ လက်ရှိအချိန်အထိ ထိပ်တန်း ခြေစွမ်းတစ်ရပ်ကို ပိုင်ဆိုင်ထားသူ ဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြ ဖြစ်သူ ဇီဒန်းနဲ့ အဆင်မပြေတာကြောင့် အသင်းကနေ ထွက်ခွာခွင့် ရရှိထားသူ ဖြစ်ပေမယ့် သူ့ရဲ့ မြင့်မားလှတဲ့ လုပ်ခလစာကြောင့် ဘေးလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းဟာ ရှားပါးနေပါတယ်။ တစ်ဖက်မှာတော့ မန်ယူအသင်းဟာ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် တောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့် ကိုရိုနာ ဗိုင်းရပ်ကြောင့် ကျပ်တည်းလာတဲ့ ဘဏ္ဏာရေး အနေအထားကြောင့် ဒေါ့မွန်အသင်းဘက်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၂၀ သန်းကို ပေးချေဖို့ ခက်ခဲနေပြီး လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ် အသင်းကနေ ထွက်ခွာခွင့် ရရှိထားတဲ့ ဘေးလ်ကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: Express

မန်ယူအသင်းက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားလာချိန်မှာတော့ ဘေးလ်ကလည်း သူ့အနေနဲ့ ပရီးမီးယားလိဂ် ကလပ်တွေဆီ ကနေ ကမ်းလှမ်းမှု ရရှိလာပါက ကျိန်းသေပေါက် လက်ခံသွားမယ် လို့ အင်တာဗျူးတစ်ခုမှာ ဖွင့်ဟ သွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ထံ ပြန်ပြောင်းချင်ကြောင်းကို ဂါရတ်ဘေးလ်က ” တကယ်လို့ ပရီးမီးယားလိဂ်ဆီ ပြန်သွားဖို့ အခွင့်အရေး ပေါ်လာမယ် ဆိုရင် ကျွန်တော်က သေချာပေါက် လက်ခံသွားမှာပါ။ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ အတူတူ စောင့်ကြည့်ကြတာပေါ့။ ဒီအပြောင်းအရွှေ့ အတွင်းမှာ အချိန်တွေ အများကြီး ကျန်ပါသေးတယ်။ အချိန်က အဓိက စကားပြောသွားမှာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ အပြောင်းအရွှေ့ဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ လက်ထဲမှာ ရှိနေပါတယ် ” လို့ ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။ လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ် အသင်းက ဘေးလ်အတွက် ကမ်းလှမ်းလာတဲ့ ကမ်းလှမ်းမှုတွေ အားလုံးကို လက်ခံ စဉ်းစားသွားမှာ ဖြစ်သလို ဘေးလ်ရဲ့ လုပ်ခလစာကိုလည်း တစ်ဝက် ပေးချေပေးမယ် လို့ မက်ဒရစ်မြို့ အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရ သိရပါတယ်။