ယခု နွေဈေးကွက်အတွင်းမှာ စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာကြောင့် အမေရိကန် မေဂျာလိဂ် ထိပ်သီးကလပ် လော့အိန်ဂျလိစ်ထံ ကာလတို စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဝေးလ်ကြယ်ပွင့် ဂါရတ်ဘေးလ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နက်ရှ်ဗယ်လီ ၁-၂ လော့အိန်ဂျလိစ် ပွဲစဉ်မှာ သူ့ရဲ့ ပထမဦးဆုံး မေဂျာလိဂ်ပွဲကို ဝင်ရောက် ပါဝင် ကစားပေးခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် ဝေးလ်အသင်းခေါင်းဆောင် ဂါရတ်ဘေးလ်က ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာခဲ့ပြီးနောက် ဥရောပ နာမည်ကြီးအသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ရရှိခဲ့ပေမယ့် လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဝေးလ်အတွက်သာ အာရုံစိုက်ချင်တာကြောင့် ပြိုင်ဆိုင်မှု သိပ်မပြင်းထန်တဲ့ မေဂျာလိဂ်ဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။

Photo Credit: Marca

လော့အိန်ဂျလိစ်က နက်ရှ်ဗယ်လီကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဂါရတ်ဘေးလ်က လူစားဝင် ကစားသမား တဦး အဖြစ် ပါဝင် ကစားခွင့် ရခဲ့ပြီး အသင်းအတွက် သွင်းဂိုးတွေ သွင်းယူပေးနိုင်ခဲ့ခြင်း မရှိပဲ ပရိသတ်တွေ အကြိုက်တွေ့မယ့် ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဂါရတ်ဘေးလ်ကတော့ အမေရိကန်နိုင်ငံရဲ့ ရာသီဥတုနဲ့ အသားကျခြင်း မရှိသေးပဲ စိုထိုင်းဆ များတဲ့ ရာသီဥတုကြောင့် သူက ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရကြောင်းနဲ့ အသင်းအတွက် မကြာခင်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်မယ်လို့ ယုံကြည်ကြောင်း ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Marca

ဂါရတ်ဘေးလ်က – “ဒီနေရာရဲ့ စိုထိုင်းဆက အရမ်းကို ပြင်းထန်ပါတယ်။ ဒီစိုထိုင်းဆကြောင့်ပဲ ကျွန်တော်က သွေးပူလေ့ကျင့်ခန်း ဆင်းတဲ့ အချိန်မှာတောင် မသက်မသာ ဖြစ်ခဲ့ရပါတယ်။ ကျွန်တော်က ဒီလို ရာသီဥတုနဲ့ အသားမကျသေးပါဘူး။ မေဂျာလိဂ်ရဲ့ ကစားပုံကတော့ တခြားလိဂ်တွေနဲ့ ကွာခြားတာမျိုး သိပ်မရှိပါဘူး။ ကျွန်တော်က အသင်းရဲ့ ကစားဟန်နဲ့ အသားကျဖို့ အနည်းငယ် လိုအပ်နေပါတယ်။ ကျွန်တော်က နေ့တိုင်း အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေ ဆင်းနေသလို အသင်းရဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့အတူ အသင်းရဲ့ ကစားပုံ ဗွီဒီယိုတွေကို လေ့လာနေပါတယ်။ ဒါကြောင့် မကြာခင်မှာ ကျွန်တော့်ရဲ့ ခြေစွမ်းကောင်းတွေကို မြင်လာရပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။