စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဝေးလ်အသင်းတို့ရဲ့ တောင်ပံတိုက်စစ် ကစားသမား ဂါရတ်ဘေးလ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကစားသမားဘဝ ကနေ အနားယူဖို့ စဉ်းစားနေကြောင်း ဗြိတိန်အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၂နှစ် အရွယ် ဝေးလ်လက်ရွေးစင် အသင်းခေါင်းဆောင် တောင်ပံတိုက်စစ် ကစားသမား ဂါရတ်ဘေးလ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် အချိန်အတော်ကြာ အနားယူနေရသူ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်း အတွက် စုစုပေါင်း ၃ပွဲသာ ပါဝင် ကစားပေးထားနိုင်သူ တဦးပါ။

Photo Credit: Marca

ဂါရတ်ဘေးလ်ဟာ ကမ္ဘာ့အဆင့် တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်ပေမယ့် မြန်နှုန်းမြင့် ကစားဟန်ကို အသုံးပြုတဲ့ ကစားသမား တဦး ဖြစ်တာကြောင့် ကစားသမား ဘဝ တလျှောက်မှာ များပြားလှတဲ့ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အဆိုပါ ဒဏ်ရာပြဿနာတွေကြောင့်ပဲ ရီးရဲလ်မက်ဒရစ် အသင်းက သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ အစီအစဉ် မရှိတော့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဂါရတ်ဘေးလ်ဟာ သူ့ရဲ့ ကစားသမား ဘဝ နောက်ဆုံးအချိန် အပိုင်းအခြားကို ရောက်ရှိနေပြီး ဘောလုံးသမား တဦး အဖြစ် နောက်ထပ် ၁ရာသီ ထပ်မံ ကစားဦးမလား ဒါမှမဟုတ် ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ ဘောလုံးသမားဘဝ ကနေ အနားယူမလား ဆိုတာက ဝေးလ်အသင်းရဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရ ၊ မရ အပေါ် မူတည်နေကြောင်း သိရပါတယ်။

Photo Credit: Marca

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနက ဝေးလ်အသင်းကသာ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရပါက ဂါရတ်ဘေးလ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ ကစားသမားဘဝ ကနေ အနားယူဖို့ စဉ်းစားနေပြီး အကယ်၍ ဝေးလ်အသင်းက ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရပါကမူ နောက်ထပ် ၁ရာသီ ထပ်မံ ဘောလုံးကစားဖွယ် ရှိကြောင်း ယနေ့မနက်ပိုင်းမှာ ဖော်ပြလာပါတယ်။

ဂါရတ်ဘေးလ်ဟာ ဘောလုံးသမားဘဝ ကနေ အနားယူဖြစ်ပါက ပရော်ဖက်ရှင်နယ် ဂေါ့ဖ်ကစားသမား တဦး အဖြစ် အသက်မွေးဖို့ စီစဉ်ထားသူလည်း ဖြစ်ပါတယ်။