စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ဝါရင့် တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ ဂါရတ်ဘေးလ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ သူ့ရဲ့ အသင်းဟောင်း စပါးထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားကြောင်း နာမည်ကြီး သတင်းဌာနတွေက ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၂နှစ် အရွယ် ဝေးလ်အသင်းခေါင်းဆောင် ဂါရတ်ဘေးလ်ဟာ ကမ္ဘာ့အဆင့် တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်ပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် နောက်ပိုင်းနှစ်တွေမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတဲ့ ကစားသမား တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

ဂါရတ်ဘေးလ်ဟာ ၂၀၁၃ခုနှစ်မှာ စပါးကနေ ရီးရဲလ်မက်ဒရစ်ထံ ကလပ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၁၀၀သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်မှာ ဆယ်စုနှစ် တစုနီးပါး ကစားခဲ့ရာ ဆုဖလားပေါင်း များစွာကို ရယူနိုင်ခဲ့သလို သူရယ် ၊ ဘန်ဇီမာရယ် ၊ ရိုနယ်ဒိုရယ် ပါဝင်ခဲ့တဲ့ သုံးဦးတွဲ BBC တိုက်စစ်ကလည်း ကမ္ဘာ့ဘောလုံးသမိုင်း တလျှောက် အကောင်းမွန်ဆုံး သုံးဦးတွဲ တိုက်စစ်တွေထဲက အတွဲတခု အဖြစ် သတ်မှတ်ခံရတဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ် ပရိသတ်တွေက ဂါရတ်ဘေးလ်ကို အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး အဖြစ် သတ်မှတ်ထားကြပြီး ဘေးလ်ကလည်း ရီးရဲလ်မက်ဒရစ်မှာ ရှိနေခဲ့တဲ့ ကာလတွေဟာ သူ့ရဲ့ ကစားသမား ဘဝ အကောင်းမွန်ဆုံး အချိန်တွေပါပဲလို့ အင်တာဗျူး တခုမှာ ဖြေဆိုဖူးပါတယ်။

Photo Credit: Sky Sports

ဒါပေမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ဂါရတ်ဘေးလ်တို့ ကြားမှာ ရှိနေတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေသလို ဂါရတ်ဘေးလ်ကလည်း ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာပြီး စိန်ခေါ်မှု အသစ်တွေ ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာခဲ့ပါက သူ့ရဲ့ အသင်းဟောင်း စပါးထံ ပြန်လည် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပြီး စပါးကလည်း အသင်းနည်းပြ ကွန်တီရဲ့ ထောက်ခံချက်နဲ့အတူ ဂါရတ်ဘေးလ်ကို ကာလတို စာချုပ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။