စပါးအသင်းရဲ့နည်းပြဟောင်းတစ်ဦးဖြစ်သူ ဟယ်ရီရက်နက်က စပါးအသင်းဆီကို အသင်းသားဟောင်းဖြစ်တဲ့ ဂါရတ်ဘေးလ်သာ ပြန်ရောက်လာခဲ့မယ်ဆိုရင် အသင်းကို ဥရောပဝင်ခွင့်အတွက်ပဲ တိုက်ပွဲဝင်နေရတဲ့ အသင်းအဖြစ်ကနေ လီဗာပူးလ် မန်စီးတီးအသင်းတို့နဲ့အပြိုင် ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုအတွက်ပါ တိုက်ပွဲဝင်နေရတဲ့ အသင်းကောင်းတစ်သင်းဖြစ်လာဖို့ ပြောင်းလဲပေးနိုင်စွမ်းရှိတယ်လို့ သုံးသပ်ပြောဆိုလိုက်ကာ ဘေးလ်ကို ပြန်လည်ခေါ်ယူဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

Photo Credit : Gilabola

အသက်(၃၁)နှစ်အရွှယ်ရှိ ဝေးလ်စ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမားဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ပုံမှန်နေရာတစ်နေရာရဖို့ မလွယ်ကူတော့သလို နည်းပြဇီဒန်းနဲ့လည်း အဆင်မပြေဖြစ်နေတာကြောင့် အခုနွေစျေးကွက်အတွင်းမှာပဲ အသင်းကနေ ရောင်းထုတ်ခံရဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။ ဒီလို အနာဂတ်အခြေအနေ လှုပ်ခတ်နေတဲ့ ဘေးလ်ကို အသင်းဟောင်းစပါးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြပြီး ဘေးလ်လို ကစားသမားမျိုးကို စပါးအသင်းအနေနဲ့ မဖြစ်မနေ ပြန်လည်ခေါ်ယူသွားဖို့ လိုအပ်တယ်လို့ နည်းပြဟောင်းရက်နက်ကနေ တိုက်တွန်းပြောဆိုလာပါတယ်။

Photo Credit : Telegraph

ရက်နက်က “ဖြစ်လာနိုင်ခြေရှိတဲ့ အပြောင်းအရွှေ့တစ်ခုလို့ ထင်မိပါတယ်။ တကယ်လို့သာ စပါးကိုသာ ဘေးလ် ပြန်ရောက်လာမယ်ဆိုရင် အသင်းရဲ့ရှိရင်းစွဲတိုက်စစ်ကစားသမားတွေနဲ့ အရမ်းကို ကြောက်မက်စရာကောင်းသွားပါလိမ့်မယ်။ ဟယ်ရီကိန်း ဆွန်ဟောင်မင် အလီနဲ့ ဘေးလ်တို့ အစုအဖွဲ့က တကယ့်ကို ကြောက်စရာကောင်းတဲ့ တိုက်စစ်အစုအဖွဲ့ဖြစ်သွားပါလိမ့်မယ်။ ဘေးလ်အနေနဲ့ အသင်းကို ဥရောပဝင်ခွင့်ပဲ မျှော်မှန်းနေရတဲ့ အသင်းအဖြစ်ကနေ အမှတ်ပေးချန်ပီယံဆုအတွက် စိန်ခေါ်နိုင်မယ့်အသင်းအဖြစ် ပြောင်းလဲမြှင့်တင်ပေးနိုင်မှာပါ။ သူက လူတိုင်းက မြှင့်တင်ပေးပါလိမ့်မယ်။ ဆွန် ကိန်းနဲ့ ဘေးလ်တို့က တိုက်စစ်(၃)ယောက်တန်းကစားပြီး သူတို့နောက်မှာက အလီသာ ကစားမယ်ဆိုရင် ကျွန်တော်ရဲ့အရေပြားတွေကို တရွရွဖြစ်စေပါလိမ့်မယ်။ စပါးအသင်းက အခုအချိန်မှာ စွမ်းအင်အသစ်တစ်ခုကို တည်ဆောက်သွားဖို့ လိုအပ်နေတာဖြစ်ပြီးတော့ ဒါကို ဘေးလ်ကနေ အကောင်းဆုံးဖြည့်တင်းပေးနိုင်မှာပါ” လို့ သူရဲ့အမြင်တွေကို ပြောဆိုလို့သွားခဲ့ပါတယ်။ ဝါရင့်ဘောလုံးနည်းပြကြီး ရက်နက်ဟာ ဘေးလ်ကို ဆောက်သမ်တန်အသင်းကနေ စပါးအသင်းဆီကို ခေါ်ဆောင်လာခဲ့တဲ့ နည်းပြတစ်ယောက်ဖြစ်ပြီး ဘေးလ်ရဲ့ ဘောလုံးသမားဘဝ အကောင်းဆုံးအချိန်တွေတုန်းကလည်း ဘေးလ်နဲ့အတူ လက်တွဲခဲ့ဖူးတဲ့ နည်းပြတစ်ယောက်ဖြစ်ပါတယ်။