စပိန်လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ဂါရတ်ဘေးလ်ဟာ မကြာမီမှာတော့ သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ ပရီးမီးယားလိဂ်ကလပ် စပါးအသင်းထံကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားတော့မှာပဲ ဖြစ်ပါတယ်။ အသက် ၃၁နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဝေးလ်လက်ရွေးစင် အသင်းရဲ့ အသင်းခေါင်းဆောင် ဂါရတ်ဘေးလ် ဟာ ၂၀၁၃ ခုနှစ်မှာ စပါးအသင်းကနေ ရီးရဲလ် မက်ဒရစ်အသင်းထံ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၁၀၁ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပေမယ့် လက်ရှိအချိန်အထိ စပါးအသင်း ပရိသတ်တွေရဲ့ အကြိုက်ဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်နေဆဲပါ။

Photo Credit: Daily Mail

ဂါရတ်ဘေးလ်ဟာ ကမ္ဘာ့အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမားတွေထဲက တစ်ဦးအဖြစ် ရှိနေဆဲ ဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြဖြစ်သူ ဇီဒန်းနဲ့ ဆက်ဆံရေး မပြေလည်သလို ” Wales Golf Madrid ” ဆိုတဲ့ စာသားနဲ့ အောင်ပွဲခံဖူးတာကြောင့် ရီးရဲလ် မက်ဒရစ်အသင်း ပရိသတ်တွေရဲ့ မျက်မုန်းကျိုးခြင်းကို ခံခဲ့ရဖူးပါတယ်။ ဂါရတ်ဘေးလ်ဟာ Golf ကစားနည်းကို ဝါသနာပါသူ တစ်ဦး ဖြစ်ပြီး ဘောလုံးသမားဘဝမှ အနားယူခဲ့ပါက ပရော်ဖက်ရှင်နယ် Golf ကစားသမား တစ်ဦးအဖြစ် ရပ်တည်သွားဖို့ ရှိကြောင်း အင်တာဗျူးတစ်ခုမှာ ဖွင့်ဟ ပြောကြားခဲ့ဖူးပါတယ်။ အဆိုပါကိစ္စတွေကြောင့်ပဲ ဘောလုံးပရိသတ် အတော်များများ ဟာ ဂါရတ်ဘေးလ်ကို အချိန်ပိုင်း ဘောလုံးလာကစားတဲ့ ​Golf ကစားသမား လို့ နာမည်ပြောင် ပေးထားကြပါတယ်။

Photo Credit: Daily Mail

ဂါရတ်ဘေးလ်ရဲ့ Golf ဝါသနာပါမှုဟာ အခုချိန်အထိ လူပြောများနေဆဲ ဖြစ်ပြီး ယနေ့မနက် မှာ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ဂါရတ်ဘေးလ်ဟာ စပါးအသင်းထံကို တရားဝင် မပြောင်းရွှေ့ရသေးပေမယ့် လန်ဒန်မြို့မှာ ရှိတဲ့ Hadley Wood Golf Club မှာ Golf ရိုက်ပွဲ တစ်ပွဲကို ကြိုတင် စီစဉ်ထားကြောင်း သိရှိရပါတယ်။ အဆိုပါ အကြောင်းအရာကို စတင် သတိထားမိသူတွေဟာ စပါးအသင်းရဲ့ ပရိသတ်တွေ ဖြစ်ပြီး စပါးအသင်းရဲ့ လေ့ကျင့်ရေးကွင်းနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ Hadley Wood Golf Club မှာ ဘေးလ်ဟာ စပါးအသင်း ဥက္ကဌ လီဗိုင်း ၊ ကင်းထောက်တာဝန်ခံ စတိဗ်တို့နဲ့ Golf ပွဲ တစ်ပွဲ ကစားဖို့ စာရင်းပေးထားတာ ဖြစ်ကာ လက်ရှိမှာတော့ ဘေးလ်ရဲ့ Golf ရိုက် ဝါသနာကြီးမှုအပေါ် ဘောလုံးပရိသတ်တွေက စနောက်မှုတွေ ပြုလုပ်နေပါတယ်။ ပရိသတ်တစ်ဦးဟာ ဆိုရင်တော့ ” ဘေးလ်က မက်ဒရစ်မှာ Golf ရိုက်ရတာ ပျင်းလို့ လန်ဒန်ကို ပြန်လာပြီး Golf ရိုက်တော့မယ် ” ဆိုပြီး လူမှုကွန်ယက်မှာ တင်ထားကာ စပါးအသင်းပရိသတ် အတော်များများဟာ အဆိုပါပို့စ်ကို သဘောကျနေပါတယ်။