ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ စပိန် လာလီဂါကလပ် ရီးရဲလ်မက်ဒရစ် အသင်းကနေ အသင်းဟောင်း စပါးအသင်းထံ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ လာခဲ့တဲ့ ဂါရတ်ဘေးလ်ရဲ့ အေးဂျင့်ဖြစ်သူ ဟွမ်ဘားနက် ကတော့ သူ့ရဲ့ကစားသမား ဘေးလ်ဟာ စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ဖလား ရယူဖို့ ပြန်လာတာလို့ ပြောဆိုခဲ့ပါတယ်။ အသက် ၃၁နှစ်အရွယ် ဝေးလ်လက်ရွေးစင် အသင်းရဲ့ အသင်းခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဂါရတ်ဘေးလ်ဟာ တစ်ချိန်က စပါးအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ တောက်ပခဲ့ဖူးသူ တစ်ဦး ဖြစ်ပြီး ၂၀၁၃ခုနှစ်မှာ ရီးရဲလ် မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၀၁သန်း ပြောင်းရွှေ့သွားခဲ့သူပါ။

Photo Credit: Mirror

ဘေးလ်ဟာ ရီးရဲလ် မက်ဒရစ်အသင်းဆီ ရောက်ရှိအပြီးမှာ အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်ခဲ့ပေမယ့် အသင်းရဲ့ နည်းပြအဖြစ် ဇီဒန်း ရောက်လာချိန်မှာတော့ အဓိက ကစားသမား နေရာကနေ လျှောကျသွားခဲ့ပြီး အရန်ခုံမှာပဲ အချိန်ကုန်ခဲ့ ရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ ဘေးလ်နဲ့ ဇီဒန်းတို့ရဲ့ ဆက်ဆံရေးဟာ အတော်လေးကို ဆိုးရွားလာခဲ့ပြီး ဘေးလ်ဟာလည်း တစ်ရာသီလုံးနီးပါး အရန်ခုံမှာသာ ရှိနေခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ကုန်ဆုံးသွားတဲ့ နွေအပြောင်းအရွှေ့ အတွင်းမှာတော့ ရီးရဲလ်မက်ဒရစ် အသင်းဟာ ဘေးလ်ကို အသင်းကနေ ရောင်းချဖို့ ကြိုးစားခဲ့ပြီး ဘေးလ်ကို အပြီးသတ် ခေါ်ယူမယ့်အသင်း မရှိတာကြောင့် စပါးအသင်းဟာ ဘေးလ်ကို အငှားနဲ့ ခေါ်ယူခွင့် ရခဲ့တာပါ။

Photo Credit: Mirror

ဂါရတ်ဘေးလ်ကို ခေါ်ယူနိုင်ခဲ့ အပြီးမှာ စပါးအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်နိုင်လိမ့်မယ် လို့ သုံးသပ်မှုတွေ ရှိလာပြီး ဘားနက်ကတော့ ဘေးလ်ဟာ စပါးအသင်းနဲ့ ပရီးမီးယားလိဂ် ဖလားကို ရယူဖို့ ရည်မှန်းထားကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။ ဘားနက်က “ ပရီးမီးယားလိဂ် ဖလားကို ရယူဖို့ဟာ ဘေးလ်ရဲ့ ရည်မှန်းချက်ပါ။ ဒါကို သံသယ ဝင်စရာ မလိုပါဘူး။ စပါးအသင်းမှာ တကယ်ကောင်းတဲ့ ကစားသမား စုဖွဲ့မှု ရှိပါတယ်။ ပြီးတော့ အရမ်းတော်တဲ့ နည်းပြလည်း ရှိပါတယ်။ ဒါ့ကြောင့် ဂါရတ်ရဲ့ ကူညီမှုနဲ့ ဆိုရင် စပါးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ပိုပြီး နီးစပ်လာမှာပါ။ ခင်ဗျားက ပြီးခဲ့တဲ့ သီတင်းပတ်က ရလဒ်ကို ကြည့်လိုက်ရင် ဒါကို ကောင်းကောင်းကြီး သိပါလိမ့်မယ် “ ဆိုပြီး ပြောကြား သွားခဲ့ပါတယ်။