အချက်အလက် မှတ်တမ်းတွေအရ ကမ္ဘာပေါ်မှာ နှစ်စဉ်နှစ်တိုင်း ငြင်းခုန်မှု အများဆုံး ဖြစ်စေတဲ့ မေးခွန်းတခု ရှိပါတယ်။ အဲ့ဒါကတော့ ကမ္ဘာပေါ်မှာ ဂြိုဟ်သားတွေ ရှိလား ၊ မရှိဘူးလား ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးပေါ်မှာ သက်ရှိတွေ အမြောက်အများ ရှိသလို အာကာသထဲမှာ ရှိတဲ့ တခြားဂြိုဟ်တွေပေါ်မှာလည်း ကျွန်တော်တို့လို သက်ရှိတွေ (ဝါ) ဂြိုဟ်သားတွေ ရှိနေနိုင်တယ် ဆိုတဲ့ အချက်ကို လူတိုင်းနီးပါးက လက်ခံကြပေမယ့် ကမ္ဘာပေါ်ကို ဂြိုဟ်သားတွေ ရောက်နေပြီဆိုတဲ့ အချက်နဲ့ ပတ်သတ်ရင်တော့ လက်ရှိအချိန် အထိ ငြင်းခုန်နေရဆဲပါ။ ယခုတခါမှာတော့ အဆိုပါ ငြင်းခုန်မှုဟာ ပရီးမီးယားလိဂ်ကလပ် စပါးအသင်းဆီကိုပါ ကူးစက်လာပြီး စပါးအသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဟယ်ရီကိန်းနဲ့ ဂါရတ်ဘေးလ်တို့ဟာ ဂြိုဟ်သားတွေ ရှိ ၊ မရှိ ဆိုတာကို ငြင်းခုန်ခဲ့ကြောင်း သိရပါတယ်။

 

Photo Credit: Mirror

ကမ္ဘာပေါ်မှာ ဂြိုဟ်သားတွေ ရှိ ၊ မရှိ ဆိုတာကို ဟယ်ရီကိန်းနဲ့ သူ့ရဲ့ကြားမှာ ငြင်းခုန်ခဲ့ရကြောင်း ဖောက်သည် ချလာတာကတော့ ဂါရတ်ဘေးလ်ပဲ ဖြစ်ပါတယ်။ ဂါရတ်ဘေးလ်က သူဟာ အမေရိကန်ပြည်ထောင်စုရဲ့ Area 51 လို နေရာမျိုးမှာ ဂြိုဟ်သားတွေ ရှိနေနိုင်တာကို ယုံကြည်ကြောင်းနဲ့ ကမ္ဘာပေါ်မှာ ဂြိုဟ်သားတွေနဲ့ ပတ်သတ်ပြီး ပြုလုပ်ထားတဲ့ သုတေသနတွေကို လိုက်လံ ဖတ်ရှုကြည့်ပါက ဂြိုဟ်သားတွေ ကမ္ဘာပေါ်ကို ရောက်နေတဲ့ အကြောင်းကို သိရှိနိုင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပြီး ဟယ်ရီကိန်းကတော့ ဂြိုဟ်သားတွေ ရှိတယ် ဆိုတာကို မယုံကြောင်းလည်း ရယ်မောလျက် ပြောကြားခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ဂြိုဟ်သားတွေ ရှိနေတဲ့အကြောင်းကို ဂါရတ်ဘေးလ်က –

Photo Credit: Mirror

“ဂြိုဟ်သားတွေ ရှိနေတယ် ဆိုတာနဲ့ ပတ်သတ်ပြီး သက်သေတွေကတော့ နေရာတိုင်းမှာ ရှိပါတယ်။ လူတွေက အဲ့ဒါတွေကို ရှာဖွေပြီး လေ့လာဖို့ လိုပါလိမ့်မယ်။ အဲ့ဒီအကြောင်းအရာက အတော်လေးကို စိတ်ဝင်စားစရာ ကောင်းပြီး ကျွန်တော်ကလည်း ဂြိုဟ်သားတွေ အကြောင်းကို စိတ်ဝင်စားပါတယ်။ ဒါပေမယ့် ကိန်းကတော့ ဂြိဟ်သားတွေ ရှိတယ် ဆိုတာကို မယုံကြည်ပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ သူက ဂြိုဟ်သားတွေ အကြောင်းကို မလေ့လာထားလို့ပါ။ (ရယ်လျက်) ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျွန်တော် ဂျိုးရွန်ဒွန်ကို ရှင်းပြခဲ့ပေမယ့် သူကလည်း အခုထိ လက်မခံနိုင်သေးတဲ့ပုံပါ။ ဘယ်လိုပဲဖြစ်ဖြစ် UFOတွေကို မြင်တွေ့ဖူးတဲ့ အကြောင်းအရာတွေ အကုန်လုံး ကတော့ မှားလိမ့်မယ်လို့ မထင်ပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။