စပါးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်က မနေ့ညက သူရဲ့အသင်းဟောင်း ဆောက်သမ်တန်အသင်းနဲ့ ပြန်လည်ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ အသင်းအတွက် ချေပဂိုးတစ်ဂိုး သွင်းယူခဲ့ပြီးနောက် အသင်းဖော် ဆွန်ဟောင်မင်ကပါ မိနစ်(၉၀)မှာ ပင်နယ်တီကနေတစ်ဆင့် အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူခဲ့ကာ (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ရသွားခဲ့တာကြောင့် အသင်းရဲ့ ယာယီနည်းပြ ရိုင်ယန်မေဆန်လည်း အဖွင့်ပွဲမှာ မျက်နှာပန်းလှသွားခဲ့ရပါတယ်။

Photo Credit : Goal

စပါးအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းလေးကပဲ အသင်းနည်းပြ ဟိုဆေးမော်ရင်ဟိုကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် သူရဲ့နေရာမှာ အသင်းရဲ့ကစားသမားဟောင်းလည်းဖြစ်တဲ့ အကယ်ဒမီနည်းပြလည်းဖြစ်တဲ့ မေဆန်ကို ယာယီနည်းပြအဖြစ် တာဝန်ပေးခဲ့ပါတယ်။ ပရီးမီးယားလိဂ် သမိုင်းတလျှောက် အသက်အငယ်ဆုံးသောနည်းပြအဖြစ် မှတ်တမ်းဝင်ထားခဲ့တဲ့ မေဆန်ဟာ သူရဲ့စီနီယာ နည်းပြဘဝ ပထမဆုံးသော ပွဲစဉ်မှာ ရုန်းကန်မှုတွေ ရှိခဲ့ရပေမယ့် Comeback နိုင်ပွဲတစ်ပွဲကို အရဖော်ဆောင်နိုင်ခဲ့ပါတယ်။

Photo Credit : Evening Standard

နည်းပြသစ်ရဲ့ ပထမဆုံးပွဲစဉ်နဲ့ပတ်သက်ပြီး ဘေးလ်က “ဧည့်သည်ဆောက်သမ်တန်အသင်းက ပထမပိုင်း ပွဲကစားချိန်အတွင်း ကျွန်တော်တို့ကို အတော်လေး ဖိအားပေးနိုင်ခဲ့တယ်။ ကျွန်တော်တို့က နည်းပြသစ်နဲ့ စပြီးလက်တွဲရတာ (၂)ရက်အတွင်းသာ ရှိသေးတယ်ဆိုတော့ တစ်ခုခုလုပ်ပြနိုင်ဖို့က အချိန်အတိုင်းအတာ အနည်းငယ်လောက် ယူရဦးမှာပါ။ ဒါပေမယ့် ပထမပိုင်းအပြီးလောက်မှာ ကျွန်တော်တို့တွေ ကောင်းမွန်တဲ့ ဆွေးနွေးပြောဆိုမှု လုပ်ဆောင်နိုင်တာကြောင့် ဒုတိယပိုင်းမှာ ကစားပုံက တိုးတတ်လာတယ်။ ပွဲကိုလည်း အကောင်းဆုံး ထိန်းချုပ်လာနိုင်တယ်။ အနိုင်ရလဒ်နဲ့လည်း ထိုက်တန်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စိတ်ရှည်သည်းခံဖို့တော့ လိုပါလိမ့်မယ်။ အသင်းအတွင်း ကစားသမားတွေရဲ့ နေရာနဲ့ပတ်သက်ပြီး ပြသာနာတချို့ကို ဖြေရှင်းရပါလိမ့်မယ်။ အခု ကျွန်တော်တို့တွေ ရက်ပိုင်းလေးအတွင်းပဲ အလုပ်တွဲလုပ်ရသေးတာဆိုတော့ အဆင်မပြေမှုလေးတွေက ရှိနေဦးမှာ။ လာမယ့်ခါရာဘောင်းဖလား ဗိုလ်လုပွဲမှာတော့ အသင်းရဲ့ကစားပုံက ဒီထက်ပိုကောင်းလာဖို့ ဆက်ကြိုးစားသွားမှာပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။