MySport Myanmar

ချန်ပီယံလိဂ်ကို ပစ်မှတ်ထားသွားမယ်လို့ ဘယ်လ်ဒီ ကြုံးဝါး

ဘာစီလိုနာအသင်းရဲ့ စပိန် ဘယ်နောက်ခံ ကစားသမားလေး အလက်ဆန်ဒရိုဘယ်လ်ဒီက လာမယ့် ဘောလုံးရာသီ သူတို့အသင်းရဲ့ အဓိက ပစ်မှတ်က ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း အောင်မြင်မှု တစ်ခုခု ရယူနိုင်ဖို့သာ ဖြစ်တယ်လို့ ကြုံးဝါး ပြောဆိုထားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ (၂)ရာသီဆက်တိုက် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်တွေကနေ လှည့်ပြန်ထားခဲ့ရပြီး ယူရိုပါလိဂ်ပြိုင်ပွဲဆီသာ ရောက်ရှိထားခဲ့ရပါတယ်။ ဒါကြောင့် ဘာစီလိုနာရဲ့ လာမာစီယာ အကယ်ဒမီထွက် ဆယ်ကျော်သက် ကစားသမားလေး ဘယ်လ်ဒီက သူတို့အသင်းအနေနဲ့ လာမယ့် ရာသီအတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲကို ပိုမို ဦးစားပေး အာရုံစိုက်သွားမယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

Photo Credit : FC Barcelona Noticias

ဘယ်လ်ဒီက “လာမယ့် ဘောလုံးရာသီမှာတော့ ကျွန်တော်တို့က ချန်ပီယံလိဂ်အတွက် တိုက်ပွဲဝင်သွားမှာပါ။ ကျွန်တော်တို့တွေ ပြီးခဲ့တဲ့ (၂)ရာသီဆက်တိုက် အုပ်စုအဆင့်ကနေ လှည့်ပြန်ထားခဲ့ရတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ကျွန်တော်တို့အသင်းက ချန်ပီယံလိဂ်မှာ ယှဉ်ပြိုင်နိုင်တဲ့ အနေအထားမျိုး ရှိနေပါပြီ” လို့ Marca နဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။

Photo Credit : Barca Blaugranes

အသက် (၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ စပိန် လက်ရွေးစင် နောက်ခံအစွန်လူ ဘယ်လ်ဒီဟာ ဘာစီလိုနာနည်းပြ ဇာဗီဟာနန်ဒက်ဇ် လက်ထက်မှာ ပွဲကစားခွင့်တွေ အကြိမ်ပေါင်းများစွာ ရရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ကစားပေးခွင့်ရတဲ့ (၂)ရာသီအတွင်းမှာပဲ ပြိုင်ပွဲစုံ (၅၁)ပွဲအထိကို ပါဝင် ကစားခွင့် ရရှိထားပါတယ်။ အသင်းရဲ့ ဝါရင့် ဘယ်နောက်ခံလူ ယော်ဒီအယ်လ်ဘာကို ကျော်လွန်ပြီး ပုံမှန် ပွဲကစားခွင့်တွေ ရရှိလာတဲ့ ဘယ်လ်ဒီဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၂၇ခုနှစ်အထိ သက်တမ်းရှိတဲ့ နှစ်ရှည် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုသွားဖွယ်လည်း ရှိနေပါတယ်။

Exit mobile version