ချယ်လ်ဆီးအသင်းမှာ ပွဲထွက်ခွင့်ကစားဖို့အတွက် အရမ်းကို ရုန်းကန်နေရတဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ဘာကာယိုကိုဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာလည်း အသင်းကနေ ထွက်ခွာရသွားဖို့ အခြေအနေအရမ်းများလို့နေပြီး သူ့ကိုလည်း ကလပ်အသင်းများစွာကနေ ပစ်မှတ်ထားလို့နေပါတယ်။ လက်ရှိမှာတော့ ဒီကစားသမားကို စီးရီးအေထိပ်သီးကလပ် နာပိုလီအသင်းကနေ တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ အနီးစပ်ဆုံး အခြေအနေမှာရှိနေတာကြောင့် ဘာကာယိုကိုဟာ သူရဲ့ဆရာဟောင်း ဂတ်တူဆိုနဲ့ ပြန်လည်ဆုံစည်းရတော့မှာဖြစ်ပါတယ်။

Photo Credit : Daily Mail

အသက်(၂၆)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်း ဘာကာယိုကိုဟာ သူရဲ့အသင်းဟောင်း မိုနာကိုမှာ ကစားခဲ့စဉ်တုန်းက အရမ်းကို ခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းနဲ့လည်း ပြင်သစ်လီဂူးဖလားကို ဆွတ်ခူးခဲ့တဲ့အပြင် ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်ထိကို ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့လို့ သူ့ကို ချယ်လ်ဆီးအသင်းကနေ ခေါ်ယူလိုက်ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဘာကာယိုကိုဟာ ချယ်လ်ဆီးမှာ ဘယ်လိုမှ အ့ံဝင်အောင် မကစားနိုင်ခဲ့တာကြောင့် အသင်းနဲ့ တစ်ရာသီဖြတ်သန်းခဲ့ပြီးနောက်မှာပဲ အေစီမီလန်နဲ့ အသင်းဟောင်းမိုနာကိုအသင်းတွေဆီကို တစ်ရာသီစီ အငှားချခံခဲ့ရပါတယ်။

Photo Credit : Football Flake!

ချယ်လ်ဆီးအသင်းဟာ အခုနှစ် နွေစျေးကွက်မပိတ်သိမ်းခင်မှာတော့ ဘာကာယိုကိုကို အသင်းကနေ ရောင်းထုတ်သွားချင်နေပေမယ့် အသင်းများစွာကတော့ ဒီကစားသမားကို အပြီးသတ်ခေါ်ယူတာထက် တစ်ရာသီအငှားလောက်နဲ့သာ ခေါ်ယူချင်နေကြရာ အခုတော့ အခြားအသင်းတွေအားလုံးထက် နာပိုလီက ဘာကာယိုကိုကို တစ်ရာသီအငှားနဲ့ ခေါ်ယူနိုင်ဖို့ သေချာသွားခဲ့ပြီဖြစ်ပြီး ဆေးစစ်မှုတွေပါ ပြုလုပ်လို့နေပြီလို့ နာမည်ကျော် ဘောလုံးအားကစားသတင်းထောက်ဖြစ်သူ ဖာဘရီဇီယိုုရိုမာနိုကနေ သူရဲ့တွစ်တာပေါ်မှာ ဖော်ပြလို့ထားပါတယ်။ အခုလို နာပိုလီကို အငှားနဲ့လာရောက်တော့မယ့် ဘာကာယိုကိုဟာ သူနဲ့အေစီမီလန်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ဆရာဟောင်းဖြစ်တဲ့ ဂတ်တူဆိုနဲ့ ပြန်လည်ဆုံတွေ့ရတော့မှာဖြစ်ပြီး ဂတ်တူဆိုကလည်း ဘာကာယိုကိုကို အဲဗာတန်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ အယ်လန်ရဲ့နေရာအတွက် ပြန်လည်အစားထိုးသွားမှာဖြစ်ပါတယ်။ ဂတ်တူဆိုရဲ့ နာပိုလီအသင်းဟာ ဒီရာသီမှာ အိုဆီမန်လို အရည်အသွေးမြင့်မားလှတဲ့ တိုက်စစ်ကစားသမားတစ်ယောက်ကို ခေါ်ယူထားနိုင်ခဲ့တဲ့အပြင် အသင်းရဲ့ ထိပ်တန်းကစားသမားဖြစ်တဲ့ နောက်ခံလူကူလီဘလီကိုလည်း အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။