မန်ယူ နောက်ခံလူ အဲရစ် ဘိုင်လီကတော့ ယနေ့ည ကစားမယ့် ယူရိုပါလိဂ် ပွဲစဉ် မတိုင်ခင်မှာ မန်ယူအသင်းမှာ မဖြစ်နိုင်တာ မရှိလို့ ယူရိုပါလိဂ် ဗိုလ်လုပွဲကို ရောက်နိုင်တယ်လို့ ဆိုခဲ့ပါတယ်။ နောက်ခံလူ ဘိုင်လီဟာ လွန်ခဲ့တဲ့ (၂၀၁၆-၁၇) ရာသီက နည်းပြ မော်ရင်ဟိုရဲ့ လက်ထက်မှာ ယူရိုပါလိဂ် ဖလားကို ရရှိခဲ့သလိုမျိုး ယူရိုပါလိဂ် ဖလားကို ပြန်ရဖို့ မျှော်လင့်လျက် ရှိပါတယ်။ မန်ယူအသင်းဟာ ဒီကနေ့ည (၂း၃၀) အချိန်မှာ ကလပ် ဘရုဂေးအသင်းနဲ့ ယူရိုပါလိဂ် (၃၂) သင်းအဆင့် ဒုတိယအကျော့ ကစားရမှာ ဖြစ်ပြီး ပထမအကျော့က သရေကျသွားခဲ့ပါတယ်။

 

Photo Credit: Goal

မန်ယူအသင်းအနေနဲ့ ယနေ့ည ကစားမယ့် ယူရိုပါလိဂ် (၃၂) သင်းအဆင့် အဆုံးအဖြတ် ပွဲစဉ်မှာသာ အနိုင်ရသွားမယ်ဆိုရင် နောက်တစ်ဆင့် (၁၆) သင်းအဆင့်ကို တက်လှမ်းသွားမှာ ဖြစ်ပါတယ်။ နောက်ခံလူ အဲရစ် ဘိုင်လီဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၁) ပွဲသာ ကစားထားပြီး ယူရိုပါလိဂ် ပွဲစဉ် (၁၁) ပွဲ ကစားထားတာကြောင့် ယနေ့ညမှာ ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။ အဲရစ် ဘိုင်လီဟာ (၂၀၁၇) ခုနှစ်က ယူရိုပါလိဂ် ဖလား ရရှိခဲ့တဲ့ ဗိုလ်လုပွဲစဉ်မှာ မပါခဲ့ရလို့ ယခုနှစ်မှာ ဗိုလ်လုပွဲစဉ်ကို တက်ပြီး ဗိုလ်လုပွဲစဉ်မှာ ကစားချင်တယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

အဲရစ် ဘိုင်လီက “ပထမဆုံး ပြောချင်တာကတော့ မန်ချက်စတာ ယူနိုက်တက်မှာ မဖြစ်နိုင်တာ မရှိပါဘူး။ တကယ်လို့ ဒီတစ်ကြိမ်မှာ ကျွန်တော်တို့ ပွဲစဉ်တွေအားလုံးကို အနိုင်ယူကျော်ဖြတ်ပြီး ကျွန်တော်အနေနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်မှာ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်မယ်ဆိုရင် အလွန်ကို ကောင်းမှာပါပဲ။ ကျွန်တေ်ာ ဒီလို ဖြစ်လာဖို့ ကြိုးစားသွားမှာပါ။ မန်ယူအသင်းက ချန်ပီယံလိဂ် ပြိုင်ပွဲမှာ တစ်နှစ်ပြီး တစ်နှစ် ပါဝင်နေကျ အသင်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ယူရိုပါလိဂ် ပြိုင်ပွဲဟာ အသင်းတိုင်း ပါဝင်နေကြတဲ့ ပြိုင်ပွဲ မဟုတ်တာကြောင့် ကျွန်တော်တို့အသင်းအနေနဲ့ ကြိုးစားသွားကြမှာပါ။ လွန်ခဲ့တဲ့ (၂) နှစ် ဒါမှမဟုတ် (၃) နှစ်က ကျွန်တေ်ာတို့အသင်းအနေနဲ့ ပွဲစဉ်တွေ အားလုံးကို အနိုင်ရပြီး ယူရိုပါလိဂ် ဖလားကို ရယူခဲ့ကြပါတယ်”လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။