မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဗဟိုနောက်ခံကစားသမား အဲရစ်ဘိုင်လီကတော့ ချယ်လ်ဆီးနဲ့ ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ အက်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ရဲ့ ဦးခေါင်းဒဏ်ရာ ရရှိသွားခဲ့လို့ ပထမပိုင်း ပြီးခါနီးလောက်မှာပဲ ဆိုးရွှားလှတဲ့ ဦးခေါင်းဒဏ်ရာ ရရှိသွားခဲ့လို့ အောက်ဆီဂျင်ပေးပြီးတော့ ကွင်းအတွင်းကနေ ခေါ်ထုတ်သွားခဲ့ရတာကြောင့် ဘိုင်လီရဲ့အခြေအနေက အတော်ကို ဆိုးနိုင်တယ်လို့ ထင်မှတ်ခဲ့ရပေမယ့်လည်း ဘိုင်လီကတော့ သူ့ဒဏ်ရာက အမာရွှတ်ကျန်ခဲ့ရုံကလွဲရင် အကုန်အဆင်ပြေပါတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Sky Sports

အသက်(၂၆)နှစ်အရွှယ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင် နောက်ခံကစားသမား ဘိုင်လီဟာ ယူနိုက်တက်ကို ဗီလာရီးရဲလ်အသင်းကနေ ပြောင်းရွှေ့ရောက်လာခဲ့ပြီးနောက်ပိုင်းကတည်းက ဒဏ်ရာပြသာနာတွေနဲ့ မကြာခဏ ရင်ဆိုင်ရတတ်သူ ဖြစ်ခဲ့ရပြီး အခုလည်း ချယ်လ်ဆီးနဲ့ကစားခဲ့တဲ့ပွဲမှာ ဦးခေါင်းဒဏ်ရာကို ပြင်းပြင်းထန်ထန် ရရှိခဲ့တာကြောင့် အားလုံးက စိုးရိမ်နေခဲ့ရပေမယ့် အခုတော့ ဘိုင်လီဟာ ဆေးရုံကနေတောင် ပြန်ဆင်းလာနိုင်ခဲ့ပြီဖြစ်ပြီး အားလုံးအဆင်ပြေတယ်လို့လည်း အသိပေးသွားခဲ့ပါတယ်။ ဒါပေမယ့် ဘိုင်လီဟာ မနက်ဖြန်ည အိုးထရက်ဖိုဒ့်မှာ ကစားရမယ့် ဝက်စ်ဟမ်းနဲ့ပွဲစဉ်ကိုတော့ လွဲချော်ရမှာဖြစ်ပါတယ်။

Photo Credit : Goal

ဘိုင်လီက သူရဲ့ဒဏ်ရာပြသာနာနဲ့ပတ်သက်ပြီး “ကျွန်တော်အဆင်ပြေပါတယ်။ အမာရွှတ်ကျန်ခဲ့ရုံပါပဲ။ တကယ်ဆိုရင် ဒီဒဏ်ရာထက် အသင်းရဲ့ရှံးပွဲကပဲ ကျွန်တော့်အတွက် ပိုပြီးနာကျင်စေရတာပါ။ ဒါပေမယ့် ကျွန်တော်တို့တွေ အရှံးကနေ ပြန်ထလာနိုင်ရမယ်။ အသင်းအတွက် အရေးကြီးတဲ့ ပွဲစဉ်(၂)ပွဲလုံးအတွက်ကိုလည်း အာရုံစိုက်ထားရမယ်” လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဘိုင်လီဟာ ကိုယ်လုံးကိုယ်ထည် တောင့်တင်းလာတဲ့ အာဖရိက ကစားသမားတစ်ယောက်ဆိုပေမယ့်လည်း ဒဏ်ရာပြသာနာတွေကတော့ ခဏခဏရနေတတ်နေသလို ကစားသမားဘဝကို အခြိမ်းခြောက်နိုင်ဆုံးဖြစ်ခဲ့တဲ့ ဒူးဒဏ်ရာကိုလည်း (၂)ကြိမ်တိုင် ရရှိခဲ့လို့ ကာလရှည်ကြာ အနားယူခဲ့ရပြီး အသင်းမှာလည်း သူရဲ့နေရာက တဖြည်းဖြည်း ပျောက်ဆုံးလာခဲ့ရပြီး ပုံမှန်ပွဲထွက်ခွင့်တွေပါ နည်းပါးလာခဲ့ရတာဖြစ်ပါတယ်။ ဘိုင်လီဟာ သူရဲ့ဒဏ်ရာပြသာနာတွေကြောင့်ပဲ ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း (၄)ပွဲပဲ ပါဝင်ခဲ့ရသလို ပြိုင်ပွဲစုံမှာလည်း (၁၀)ပွဲသာ ကစားခဲ့ရပါတယ်။ လာမယ့်၂၀၂၂ခုနှစ်မှာ ယူနိုက်တက်နဲ့ စာချူပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဘိုင်လီကို ယူနိုက်တက်ဘက်က သက်တမ်းတိုးဖို့ စောင့်ကြည့်လျက်ရှိနေပြီး ဒဏ်ရာတွေ ထပ်မံရရှိနေဦးမယ်ဆိုရင်တော့ အသင်းကနေ လက်လွတ်ဖွယ်သာ ရှိနေပါတယ်။