ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အိုင်ဗရီကို့စ် နောက်ခံလူ အဲရစ်ဘိုင်လီ ကတော့ လက်ရှိမှာ နောက်ထပ် တစ်ကြိမ် ဒဏ်ရာ ပြန်မရအောင် သတိထားပြီး ကစားနေရကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနကို ဖွင့်ဟ ပြောကြား သွားပါတယ်။ အသက် ၂၆နှစ် အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် အဲရစ်ဘိုင်လီဟာ စပိန် လာလီဂါ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဗီလာရီးရဲလ်အသင်း ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ လာတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး အသင်းထံ စတင် ရောက်ရှိတဲ့ အချိန်မှာ အသင်းရဲ့ အဓိက နောက်ခံလူ အဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။

Photo Credit: Express

ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ဘိုင်လီဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စတင် ကစားတဲ့ ပထမဦးဆုံး ဘောလုံးရာသီမှာပဲ ပြင်းထန်တဲ့ ဒူးခေါင်းဒဏ်ရာ ရရှိခဲ့ပြီး ကာလရှည် အနားယူခဲ့ ရပါတယ်။ အဆိုပါ ဒဏ်ရာကြောင့် ဘိုင်လီရဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝဟာ အတော်လေးကို ခက်ခဲ ကြမ်းတမ်းခဲ့ပြီး ဒဏ်ရာကနေ ပြန်လည် သက်သာလာချိန်မှာ ပုံမှန် ပွဲထွက်ခွင့် မရတာတွေ ၊ ပွဲထွက်ခွင့် ရရင်လည်း ပုံမှန်ခြေစွမ်းကို မပြနိုင်တာတွေ ၊ နောက်ထပ် ဒဏ်ရာတွေ ထပ်မံ ရရှိတာတွေ စတဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ယခုလက်ရှိ အချိန်မှာတော့ ဘိုင်လီဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ခြေစွမ်းကောင်းတွေကို ပြန်လည် ထုတ်ပြ ထားနိုင်ပြီး နောက်ဆုံး ကစားခဲ့တဲ့ ဝုဗ်အသင်းနဲ့ ပွဲစဉ် ၊ ဗီလာ အသင်းနဲ့ ပွဲစဉ်တွေမှာ အသင်းရဲ့ အဓိက အရေးပါတဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။

Photo Credit: Express

ဘိုင်လီကတော့ လက်ရှိအချိန်မှာ သူ့အတွက် အရေးအပါဆုံး ထပ်မံပြီး ဒဏ်ရာမရရှိစေဖို့ ဖြစ်ကြောင်း အခုလိုပဲ ပြောကြား သွားပါတယ်။ ဘိုင်လီက “အခုချိန်က ကျွန်တော့်ရဲ့ ကစားသမား ဘဝ အကောင်းဆုံး ခြေစွမ်းကို ရရှိနေတာလား လို့ မေးရင်တော့ ဖြေဖို့ အတော်လေး စောသေးတယ် လို့ မြင်ပါတယ်။ အခုချိန် မှာ ခင်ဗျား လုပ်နိုင်ရမှာက စိတ်အေးအေးထားမယ် ၊ လေ့ကျင့်မယ် ၊ ဒီအတိုင်း ဆက်သွားနေမယ် ၊ အသင်းကို ပေးဆပ်မယ် ၊ ဒါတွေပါပဲ။ အဲ့ဒီ အချက်တွေက ကျွန်တော် အဓိက ထားတဲ့ အရာတွေပါ။ ပြီးတော့ ကျွန်တော် နောက်ထပ် ဒဏ်ရာတွေ ထပ်မရဖို့လည်း မျှော်လင့်ပါတယ်။ ဒဏ်ရာပြဿနာတွေက ပုံစံကောင်း ရနေတဲ့ ကစားသမားတွေ အတွက် ကတယ်ကို ကြီးမားတဲ့ အခက်အခဲတွေပါ။ အရေးအကြီးဆုံးက ပွဲစဉ်တိုင်းကို ပါဝင် ကစားဖို့ အဆင်သင့် ဖြစ်နေတာပါပဲ” ဆိုပြီး ဖြေဆိုသွားခဲ့ပါတယ်။