ပြင်သစ် လီဂူးဝမ်း နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မာဆေးလ်က သူတို့အသင်းရဲ့ ခံစစ်ကြောင်း အတွက် မန်ချက်စတာ ယူနိုက်တက်မှာ နေရာရဖို့ ရုန်းကန်နေရတဲ့ ဗဟိုခံစစ်မှူး အဲရစ် ဘိုင်လီကို တရာသီအငှားနဲ့ ခေါ်ယူနိုင်ရန် နီးစပ်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် ဗဟိုခံစစ်မှူး အဲရစ် ဘိုင်လီဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ၃နှစ် အထိ ကျန်ရှိနေသေးတဲ့ ကစားသမား တဦး ဖြစ်ပြီး ယူနိုက်တက်က ယခု နွေဈေးကွက် အတွင်းမှာ အေဂျက် ခံစစ်မှူး မာတီနက်ဇ်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ခေါ်ယူလိုက်တာကြောင့် အသင်းပြောင်းဖို့ တာစူနေသူလည်း ဖြစ်ပါတယ်။

Photo Credit: Standard

အဲရစ် ဘိုင်လီဟာ မာတီနက်ဇ် မရောက်လာခင်ကတည်းက မန်ချက်စတာ ယူနိုက်တက်ရဲ့ စတုတ္ထ ဦးစားပေး ဗဟိုခံစစ်မှူး အဆင့်သာ ရှိတာကြောင့် မာတီနက်ဇ် ရောက်လာပြီးနောက် သူဟာ ပဥ္စမဦးစားပေး ဗဟိုခံစစ်မှူး အဆင့်ကို ရောက်ရှိသွားခဲ့ပြီး သူ့ရဲ့ အရှေ့မှာ ရှိနေတဲ့ ဗဟိုခံစစ်မှူး ၄ဦး ဖြစ်တဲ့ မက်ဂွိုင်းယား ၊ ဗာရန်း ၊ မာတီနက်ဇ်နဲ့ လင်ဒီလော့ဖ်တို့ကို ကျော်ဖြတ်ကာ နေရာရဖို့ မလွယ်ကူပါဘူး။

ဒါကြောင့်ပဲ ဘိုင်လီက ယခု နွေဈေးကွက် အတွင်းမှာ သူ့အတွက် ပုံမှန် ပွဲထွက်ခွင့် ရမယ့် အသင်းတသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက် ချထားပြီး လက်ရှိမှာတော့ ပြင်သစ် လီဂူးဝမ်း နာမည်ကြီးကလပ် မာဆေးလ်က ဘိုင်လီကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်လာပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မာဆေးလ်က ဘိုင်လီကို တရာသီအငှားနဲ့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရာ ဆွေးနွေးမှုတွေဟာ အပေါင်းလက္ခဏာ ဆောင်နေပြီး မာဆေးလ်က ဘိုင်လီကို တရာသီအငှား + ရာသီကုန်ရင် အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူဖို့ နီးစပ်နေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကတော့ သူတို့အသင်းရဲ့ ဗဟိုခံစစ်မှူး ဘိုင်လီအတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင် တောင်းဆိုနိုင်ချေ ရှိနေပြီး မာဆေးလ်ကလည်း ဘိုင်လီလို အရည်အသွေး ရှိတဲ့ ခံစစ်မှူး တဦး အတွက် ယူရို ၂၀သန်း ဝန်းကျင် သုံးစွဲဖို့ ဝန်မလေးနိုင်ကြောင်း ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။