ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဗဟိုနောက်ခံလူ တဦး ဖြစ်သူ အဲရစ် ဘိုင်လီဟာ ယခု ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာပဲ အီတလီ စီးရီးအေ အင်အားကြီး ကလပ် အေစီမီလန်အသင်းထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၇နှစ် အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် ခံစစ်မှူး အဲရစ် ဘိုင်လီဟာ ၂၀၁၆ခုနှစ်မှာ စပိန်လာလီဂါ ကလပ် ဗီလာရီးရဲလ်အသင်း ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၃၈သန်းနဲ့ ပြောင်းရွှေ့လာသူ တဦး ဖြစ်သလို မကြာသေးမီကမှ အသင်းနဲ့ ၂၀၂၅ခုနှစ် အထိ သက်တမ်းရှိမယ့် စာချုပ်တရပ် ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။

Photo Credit: ESPN

ဘိုင်လီဟာ အသင်းနဲ့ ကာလရှည် စာချုပ်တရပ်ကို ချုပ်ဆိုခဲ့ပေမယ့် အသင်းတွင်းမှာ နည်းပြအပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီးနောက် ပွဲထွက်ခွင့် မရမှာကို စိုးရိမ်လာတာကြောင့် အသင်းပြောင်းဖို့ စိုင်းပြင်းလာခဲ့ပြီး အီတလီ စီးရီးအေ ထိပ်သီးကလပ် အေစီမီလန်အသင်းက သူ့အတွက် အသင့်တော်ဆုံး အသင်းပဲ ဖြစ်ပါတယ်။

နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ အဲရစ် ဘိုင်လီနဲ့ သူ့ရဲ့ အေးဂျင့်တွေဟာ ယမန်နေ့မှာပဲ အေစီမီလန်အသင်းထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့ပြီး အေစီမီလန်က ဘိုင်လီအတွက် မန်ချက်စတာ ယူနိုက်တက်နဲ့ တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကာ သဘောတူညီမှု ရရှိဖို့လည်း နီးစပ်နေကြောင်း သိရပါတယ်။

Photo Credit: ESPN

မန်ချက်စတာ ယူနိုက်တက်အသင်းက အသင်းနဲ့ စာချုပ်သက်တမ်း ၃နှစ် အထိ ကျန်နေသေးတဲ့ အဲရစ် ဘိုင်လီအတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင် လိုချင်နေကြောင်း အသင်းနဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောကြားထားကြပြီး အကယ်၍ အေစီမီလန်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ကြားမှာသာ ပြောင်းရွှေ့ကြေး အတွက် သဘောတူညီမှု ရရှိခဲ့ပါက ဘိုင်လီဟာ အာဖရိကဖလားပြိုင်ပွဲ ပြီးဆုံးတာနဲ့ အီတလီနိုင်ငံဆီ သွားရောက်ကာ ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ ရှိပါတယ်။