MySport Myanmar

သူ့သားရဲ့ အိမ်မက်အသင်းက ရီးရဲလ်ပါလို့ ပြောလာတဲ့ ခွာဗရက်စခီလီယာရဲ့ ဖခင်

အီတလီ စီးရီးအေ ထိပ်သီးကလပ် နာပိုလီရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ခွာဗရက်စခီလီယာရဲ့ ဖခင်ဖြစ်သူက သူ့သားရဲ့ အိမ်မက်အသင်းဟာ လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ် ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် ဂျော်ဂျီယာ လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ခွာဗရက်စခီလီယာက ပြီးခဲ့တဲ့ ၂၀၂၂ နွေဈေးကွက်မှာ ဂျော်ဂျီယာကလပ် ဘာတူမီ ကနေ နာပိုလီထံ ပြောင်းရွှေ့ကြေး ယူရို ၁၃.၃သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းရဲ့ အဓိက တောင်ပံကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

Photo Credit: Goal

ခွာဗရက်စခီလီယာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ နာပိုလီအတွက် ပြိုင်ပွဲစုံ ၄၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၄ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၇ကြိမ် ရရှိခဲ့ပြီး ဒီရာသီမှာလည်း သူက နာပိုလီအတွက် ပြိုင်ပွဲစုံမှာ ၁၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၅ကြိမ် ရရှိထားပါတယ်။

ခွာဗရက်စခီလီယာက ဘယ်ခြေ ၊ ညာခြေ နှစ်ဖက်စလုံးကို အသုံးပြုနိုင်တဲ့ ရှားပါး တောင်ပံတိုက်စစ် ကစားသမား ဖြစ်သလို သူ့ရဲ့ ကစားပုံဟာ အတော်လေးကို အနုပညာဆန်ကာ ထိရောက်တာကြောင့် သူသာ အသင်းပြောင်းမယ် ဆိုရင် သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ထိပ်သီးအသင်းတွေ အများအပြား ရှိနေပါတယ်။

Photo Credit: Standard

လက်ရှိမှာတော့ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူး ၊ လာလီဂါ ထိပ်သီးကလပ်တွေ ဖြစ်ကြတဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့က ခွာဗရက်စခီလီယာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ခွာဗရက်စခီလီယာရဲ့ ဖခင်ဖြစ်သူ ဘာဒရီကတော့ သူ့သားရဲ့ အိမ်မက်ဟာ ရီးရဲလ်မက်ဒရစ်မှာ ကစားဖို့ ဖြစ်ကြောင်း ဆိုလာပါတယ်။

ဘာဒရီက – “ခွာဗရက်စခီလီယာဟာ အမြဲတမ်း ရီးရဲလ်မက်ဒရစ်မှာ ကစားမယ် ဆိုတဲ့ အိမ်မက်ရှိခဲ့သလို အခုချိန်ထိလည်း သူ့ရဲ့ အိမ်မက်ကို ဆက်မက်နေဆဲပါ။ ဒါက သေချာပါတယ်။ ခွာဗရက်စခီလီယာ အတွက် ရီးရဲလ်မက်ဒရစ်နဲ့ ပြိုင်ဘက် အဖြစ် ကစားရတော့မှာက အရမ်းကို ထူးခြားတဲ့ ဖြစ်ရပ်ပါ။ ကျွန်တော်တို့ မိသားစုထဲမှာ ကျွန်တော်ကလွဲရင် ကျန်တဲ့လူတွေ အားလုံးက ရီးရဲလ်မက်ဒရစ် ပရိသတ်တွေချည်းပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version