စပိန်အခြေစိုက် ကလပ်အသင်း တခု ဖြစ်တဲ့ အယ်လ်မေးရီးယားရဲ့ နည်းပြ ဘာဒီယာကတော့ သူ့ရဲ့ တပည့်ဟောင်း တဦး ဖြစ်သလို ယခု နွေအပြောင်းအရွှေ့မှာ ဘင်ဖီကာကနေ လီဗာပူးထံ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ဥရုဂွေး ကြယ်ပွင့် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်ဟာ လီဗာပူးရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သူ ဖာနန်ဒို တောရက်စ်နဲ့ ကစားပုံ ဆင်တူပြီး တောရက်စ်ထက်တောင် ပိုမြန်တဲ့ တိုက်စစ်မှူးကောင်း တဦး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ဥရုဂွေး ကြယ်ပွင့် လက်ရွေးစင် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်က ပြီးခဲ့တဲ့ ဘောလုံးရာသီ နှစ်ခုမှာ ဘင်ဖီကာနဲ့အတူ တောက်ပခဲ့တာကြောင့် ယခု နွေဈေးကွက် အတွင်းမှာ ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းနဲ့ အတူ လီဗာပူးထံ ပြောင်းရွှေ့နိုင်ခဲ့သူပါ။

Photo Credit: Sky Sports

ဒါဝင် နူနက်ဇ်က လီဗာပူးထံ ၆နှစ် သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး သူဟာ လီဗာပူးမှာ ကျောနံပါတ် ၂၇ကို ဝတ်ဆင် ကစားသွားဖို့ ရှိနေပါတယ်။

နူနက်ဇ်နဲ့အတူ ၂၀၁၉ခုနှစ်မှာ လက်တွဲခဲ့ဖူးတဲ့ အယ်လ်မေးရီးယား နည်းပြ ဘာဒီယာက တပည့်ဟောင်း နူနက်ဇ် တယောက် ယခုလိုမျိုး ဥရောပ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့နိုင်ခဲ့လို့ အတော်လေး ကျေနပ်နေပြီး သူ့ရဲ့ တပည့်ဟောင်းက လီဗာပူးရဲ့ ဂန္တတင် တိုက်စစ်မှူး တောရက်စ်ထက်တောင် ပိုကောင်းတဲ့ တိုက်စစ်မှူး ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ဘာဒီယာက – “နူနက်ဇ်က တောရက်စ်နဲ့ ကစားပုံ ဆင်တဲ့ တိုက်စစ်မှူးပါ။ တောရက်စ်က စပိန်နိုင်ငံသား တယောက် ဖြစ်လို့ ကျွန်တော်က တောရက်စ်ကို ကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်က နူနက်ဇ်ဟာ တောရက်စ်ထက် ပိုမြန်တဲ့ ကစားသမားလို့ ထင်ပါတယ်။ ဒါဝင်က ဘောလုံးကိုင် ကစားရတဲ့ အချိန်တွေမှာ အရမ်းကို ကောင်းတဲ့ တိုက်စစ်မှူးပါ။ သူက ဘောလုံးကို အကောင်းဆုံး ထိန်းချုပ် ကစားနိုင်သလို တဖက်အသင်းဆီ ဘောလုံးမရောက်သွားအောင် ကာကွယ်နိုင်စွမ်းလည်း ရှိပါတယ်။ တောရက်စ်ကလည်း ဒါဝင်လိုမျိုး အရည်အသွေးတွေ ရှိပါတယ်။ ဒါပေမယ့် သူက ဒါဝင်ထက် နည်းနည်းလေး ပိုနှေးတယ်။ ဒါဝင်ကတော့ တောရက်စ်ထက် ပိုမြန်သလို သူ့ထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေကိုလည်း ပြသနိုင်ပါတယ်” လို့ ချီးကျူးသွားခဲ့တာပါ။

စပိန်ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သူ ဖာနန်ဒို တောရက်စ်က လီဗာပူးမှာ ၂၀၀၇ခုနှစ် ကနေ ၂၀၁၁ခုနှစ် အထိ ကစားသွားတဲ့ တိုက်စစ်မှူး တဦး ဖြစ်ပြီး လီဗာပူးအတွက် ပြိုင်ပွဲစုံ ၁၄၂ပွဲ ကစားပေးခဲ့ရာ သွင်းဂိုး ၈၁ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။