အာဆင်နယ် နဲ့ ပြင်သစ် လက်ရွေးစင် ညာနောက်ခံ ကစားသမားဟောင်း ဆက်ဂ်နာကတော့ တစ်နိုင်ငံသားချင်း ဖြစ်တဲ့ ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာဟာ ရီးရဲလ်အသင်းကို မပြောင်းဘဲ ရော်နယ်ဒိုနဲ့ တွဲကစားဖို့ ဂျုဗင်တပ်အသင်းကို ပြောင်းသွားလိမ့်မယ်လို့ ပြောကြားသွားပါတယ်။ ကွင်းလယ်လူ ပေါ့ဘာဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ ရီးရဲလ် နည်းပြကြီး ဇီဒန်းရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပြီး ရီးရဲလ်အသင်းကို ပြောင်းသွားနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပေမဲ့လည်း မန်ယူအသင်းအတွက် ဆက်လက် ကစားသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Dailymail

ပေါ့ဘာရဲ့ အေးဂျင့် ရိုင်အိုလာဟာ မကြာသေးခင်က ရီးရဲလ်အသင်းအတွက် ကြီးမားတဲ့ ကစားသမားကို ယူလာပေးမယ်လို့ ပြောခဲ့ပြီး ကွင်းလယ်လူ ပေါ့ဘာကို ရည်ရွယ်တာ ဖြစ်မယ်လို့ သတင်းတွေ ထွက်လာခဲ့တာကြောင့် ပေါ့ဘာအနေနဲ့ ရီးရဲလ်အသင်းကို ပြောင်းနိုင်ချေလည်း ရှိနေပါတယ်။ ဒါပေမဲ့လည်း ပြင်သစ် လက်ရွေးစင် ညာနောက်ခံ ကစားသမားဟောင်း ဘာကရီ ဆက်ဂ်နာက ပေါ့ဘာအနေနဲ့ အကျပိုင်းကို ရောက်နေပြီ ဖြစ်တဲ့ ရီးရဲလ်အသင်းကို ပြောင်းသွားဖွယ် မရှိဘဲ မငယ်တော့ပေမဲ့ လူငယ်လို ကစားနေတဲ့ ရော်နယ်ဒိုရှိရာကို ပြောင်းမယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Dailymail

အာဆင်နယ် ကစားသမားဟောင်း ဘာကရီ ဆက်ဂ်နာက ” ပေါ့ဘာက ဂျုဗင်တပ်အသင်းကို ပြန်သွားမယ်လို့ ကျွန်တော် ပို မြင်မိတယ်။ ဘာလို့လဲဆိုရင် ဂျုဗင်တပ်အသင်းမှာ ရော်နယ်ဒိုက ရှိနေတယ်လေ။ ဘာလို့လဲဆိုရင် ဂျုဗင်တပ်အသင်းက သူ့ကို တောက်ပအောင် လုပ်ပေးခဲ့တဲ့ အသင်း ဖြစ်လို့လေ။ သူက ဂျုဗင်တပ်အသင်းကို ချစ်တယ်။ အဲဒါကို သူလည်း သိပြီးသားပါပဲ။ သူ အခုအချိန်မှာ ရီးရဲလ်အသင်းကို သွားမယ် ဆိုရင် စွန့်စားရာရောက်တယ်။ ဘာလို့လဲဆိုရင် ရီးရဲလ်အသင်းက သိပ် အကောင်းကြီး မဟုတ်တော့ဘူး။ ပြီးတော့ ရီးရဲလ်အသင်းအနေနဲ့ သူ့ကို အကြီးကြီး မျှော်လင့်နေမယ်။ ရီးရဲလ်အသင်းက အကျပိုင်း ရောက်လာပါပြီ။ ရော်နယ်ဒိုကတော့ မငယ်တော့ပေမဲ့ လူငယ် တစ်ယောက်လို ကစားနိုင်ပါသေးတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။