လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးရဲ့ အသင်းခေါင်းဆောင် အက်စ်ပီလီကွီတာ ကတော့ ယနေ့မနက် အစောပိုင်းမှာ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ အဖြစ် ပြင်သစ်မြေမှာ လိုင်လီကို ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူကာ နှစ်ကျော့ပေါင်း ၄-၁ ဆိုတဲ့ ရလဒ်နဲ့အတူ ကွာတားဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့ပြီးနောက် သူတို့အသင်းဟာ အပြင်ဘက် ကနေ ဝေဖန် တိုက်ခိုက်မှုတွေကို နိုင်ပွဲတွေနဲ့ တုံ့ပြန်သွားမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ကြောင့် ဗြိတိန်အစိုးရက ချယ်လ်ဆီးရဲ့ပိုင်ရှင် အေဘရာမိုဗစ်ချ်ကို ပြင်းထန်တဲ့ ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ရာမှာ ချယ်လ်ဆီးကပါ တနွယ်ငင် တစင်ပါသလို ပိတ်ဆို့မှုဒဏ်တွေကို ခံခဲ့ရပြီး ဘဏ်အကောင့်တွေလည်း ပိတ်ဆို့ခံထားရတာကြောင့် ကစားသမားတွေ ၊ ဝန်ထမ်းတွေကိုပါ လုပ်ခလစာ ပေးချေဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Football London

ချယ်လ်ဆီးဘက်က ဒီလိုမျိုး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်မှာပဲ ဗြိတိန်အစိုးရရဲ့ ချယ်လ်ဆီးအပေါ် ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တဲ့ လုပ်ရပ်က မှန်ကန်ကြောင်း ထောက်ခံသူတွေ အလျိုလျို ပေါ်လာခဲ့ပြီး အဆိုပါ ထောက်ခံသူတွေထဲမှာ လီဗာပူး ဂန္တဝင် နောက်ခံလူ ကာရေဂါလို နာမည်ကျော် ပုဂ္ဂိုလ်တွေတောင် ပါဝင်နေပါတယ်။

လိုင်လီကို အဝေးကွင်းမှာ အနိုင်ရခဲ့ပြီးနောက် ချယ်လ်ဆီးရဲ့ အသင်းခေါင်းဆောင် အက်စ်ပီလီကွီတာက သူတို့ဟာ အပြင်ဘက် ကနေ ဝေဖန် တိုက်ခိုက်နေမှုတွေကို ဂရုမစိုက်ကြောင်းနဲ့ ဝေဖန် တိုက်ခိုက်နေမှုတွေကို နိုင်ပွဲတွေနဲ့ ပြန်လည် တုံ့ပြန်သွားမယ်လို့ ဆိုသွားပါတယ်။

Photo Credit: Football London

အက်စ်ပီလီကွီတာက – “ကျွန်တော်တို့ အတွက် ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ပုံမှန် ရက်သတ္တပတ်တွေတော့ မဟုတ်ခဲ့ပါဘူး။ ကျွန်တော်တို့က ၃ရက် ၁ပွဲနှုန်းနဲ့ ကစားခဲ့ရသလို ကစားရတဲ့ ပွဲတွေ အကုန်လုံးကလည်း ခက်ခဲတဲ့ ပွဲစဉ်တွေချည်းပါပဲ။ ဒါကြောင့် ဒီနေ့ပွဲမှာ အနိုင်ရပြီး နောက်တဆင့်ဆီ တက်လှမ်းနိုင်ခဲ့လို့ ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့က အရာအားလုံး အတွက် တိုက်ပွဲဝင်ဖို့ အဆင်သင့် ဖြစ်နေတဲ့ အစုအဖွဲ့ကို ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်တို့တွေက ကိုယ်ဘာလုပ်နိုင်လဲ ဆိုတာကို ကောင်းကောင်း သိထားပြီး ကွင်းထဲမှာ ဒီအသင်း အတွက် ဆက်လက် တိုက်ပွဲဝင်ဖို့ အဆင်သင့်ပါပဲ။ ကျွန်တော်တို့ အတူတူ ရှိနေတယ်။ အတူတူ တိုက်ပွဲဝင်သွားမယ်။ အပြင်ဘက်မှာတော့ ကျွန်တော်တို့ကို တိုက်ခိုက်မှုတွေက ပြည့်နှက်နေပါတယ်။ သူတို့ကလည်း ဒီလိုမျိုး လုပ်ရပ်တွေကြောင့် ကျွန်တော်တို့တွေရဲ့ အာရုံစူးစိုက်မှုတွေ လျော့ကျသွားဖို့ ရည်ရွယ်နေတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က သူတို့ရဲ့ လုပ်ရပ်တွေကို ဂရုမစိုက်ပါဘူး။ ကျွန်တော်တို့တွေ နိုင်ပွဲတွေနဲ့ တုံ့ပြန်သွားပါမယ်” လို့ ကြုံးဝါး ပြောဆိုသွားခဲ့တာပါ။