ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ လန်ဒန်မြို့ခံပြိုင်ဘက်ဖြစ်တဲ့ အာဆင်နယ်အသင်းကို အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း (၂)ဂိုး (၄)ဂိုးဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရတဲ့ ပွဲအပြီးမှာ အသင်းပရိသတ်တစ်ဦးနဲ့ ချယ်လ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင် ဆီဇာအက်ဇ်ပီလီကွယ်တာတို့ စကားများပြီး ကတောက်ကဆ ဖြစ်နေခြင်းကို ရုပ်သံတွေက ဖော်ပြခဲ့သလို သတင်းမီဒီယာတွေကနေလည်း ဆက်တိုက်ဖော်ပြလာခဲ့ပါတယ်။

Cesar Azpilicueta explains argument with Chelsea fan after Arsenal loss |  Metro News

Photo Credit : Metro

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ချယ်လ်ဆီးရဲ့ ဝါရင့်နောက်ခံအစွန်လူ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွယ်တာက “ဒါက ဖြစ်ခဲ့တာထက်ကို ပိုပြီးကြည့်ရတာ ဆိုးနေတယ်။ ဘာကြောင့်လဲဆိုတော့ ပွဲပြီးဆုံးချိန်မှာ ဖြစ်ခဲ့တာကြောင့်ပါ။ အဲ့ဒီအချိန်မှာ ကျွန်တော်က ကျွန်တော်ရဲ့စွမ်းဆောင်ရည် အသင်းရဲ့ရလဒ် ပေးလိုက်ရတဲ့ ပင်နယ်တီ အရာအားလုံးအတွက် ဒေါသတွေ ဖြစ်နေရချိန်ကြောင့်ပါ။ အဲ့ဒီအချိန် ပရိသတ်အုပ်ထဲမှာ သူ့ကို ကျွန်တော် တွေ့လိုက်ရပြီး ကျွန်တော်တို့ နှစ်ယောက်ကြားမှာလည်း စကားတွေ ဖလှယ်ရုံလောက်ပဲ ဖြစ်ခဲ့တာပါ”

Photo Credit : Goal

“ဒါပေမယ့် ဖြစ်ခဲ့တာထက် မြင်နေရတာက ပိုဆိုးရွှားနေတယ်။ ကျွန်တော်တို့တွေ ရှင်းရှင်းလင်းလင်း ပြောခဲ့ကြတယ်။ သူကတော့ အသင်းအတွက် အင်တိုက်အားတိုက် တိုက်ပွဲဝင်တာမျိုးကို ပိုလိုချင်တယ်လို့ ပြောတယ်။ ဒါ သူမှန်ပါတယ်။ ကျွန်တော်ကလည်း ကျွန်တော်ရဲ့ ထင်မြင်ချက်တွေကို ထုတ်ပြောမိရုံသက်သက်ပါပဲ။ မနေ့က ကျွန်တော် သူ့ကို ပြန်တွေ့ပြီး ကျွန်တော်ရဲ့ အသင်းခေါင်းဆောင် လက်ပတ်ကိုပါ ပေးခဲ့သေးတယ်။” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ အက်ဇ်ပီလီကွယ်တာနဲ့ စကားအချေအတင် ဖြစ်ခဲ့သူကလည်း “အက်ဇ်ပီလီကွယ်တာက ကျွန်တော့်ကို နည်းနည်းတော့ ရန်လိုခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်ကို ဘောကန်ဖိနပ်ဝတ်ပြီး ဝင်ကစားသင့်တယ်လို့ ပြောခဲ့ပါသေးတယ်။ ဖရိုဖရဲ အခြေအနေမျိုးကို မဖြစ်စေချင်တဲ့အတွက် ကျွန်တော်လက်တွေကို မြှောက်ပြီး သူ့ကိုလည်း လက်မထောင်ပြလိုက်ပြီးတော့ အရာအားလုံးကို တည်ငြိမ်သွားအောင် ကြိုးစားလိုက်ပါတယ်။ ကျွန်တော်တို့အချင်းချင်း ဆဲဆိုနေကြတယ်လို့ အဓိပ္ပါယ်မရှိ ရေးသားထားတာတွေကိုလည်း ကျွန်တော် အများကြီး ဖတ်ထားမိသေးတယ်။ ဒါတွေ မဖြစ်ခဲ့ဘူးဆိုတာ သိသာပါတယ်။ ဒါပေမယ့် အသင်းခေါင်းဆောင်တစ်ဦးအနေနဲ့ ဘာကြောင့် အသင်းအတွင်း စိတ်အားထက်သန်မှုတွေ တိုက်ပွဲဝင်လိုစိတ်တွေ မရှိနေရသလဲ။ အာဆင်နယ်နဲ့ ကစားခဲ့ရတဲ့ ပွဲကြီးတစ်ပွဲမှာ အသင်းကနေ ဘာတွေကို မျှော်လင့်ထားသလဲဆိုတာတွေကိုတော့ မေးခွန်းထုတ်မိခဲ့ပါတယ်” လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။