စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာဟာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးရဲ့ အသင်းခေါင်းဆောင် ညာနောက်ခံလူ အက်စ်ပီလီကွီတာကို ရာသီကုန်မှာ အလွတ်နဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၃၂နှစ် အရွယ် စပိန်လက်ရွေးစင် ညာနောက်ခံလူ အက်စ်ပီလီကွီတာဟာ ၂၀၁၂ခုနှစ်မှာ ပြင်သစ်ကလပ် မာဆေးလ်ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၈.၈သန်းထဲနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ခြေစွမ်းပိုင်းက ကမ္ဘာ့အဆင့်မှာ ရှိမနေပေမယ့် ကြိုးစားမှု ၊ အသင်းအပေါ် ရာနှုန်းပြည့် ပေးဆပ် ကစားမှုနဲ့ အသင်းဖော်တွေ အပေါ် လွှမ်းနိုင်စွမ်း အပြည့် ရှိတာတွေကြောင့် ထိပ်တန်း နောက်ခံလူ တဦး အဖြစ် သတ်မှတ်ခံထားရသူပါ။

Photo Credit: Marca

အက်စ်ပီလီကွီတာဟာ ချယ်လ်ဆီးအတွက် ဆယ်စုနှစ် တစုကြာအောင် ကစားပေးထားချိန်မှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၄၅၆ပွဲ အထိ ပါဝင် ကစားပေးနိုင်ခဲ့ပြီး ၁၄ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၅၆ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

အက်စ်ပီလီကွီတာဟာ ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ် ဆုဖလား ၂ကြိမ် ၊ ချန်ပီယံလိဂ် ဆုဖလား ၁ကြိမ် ၊ အက်ဖ်အေဖလား ၁ကြိမ် ၊ ယူရိုပါလိဂ်ဖလား ၂ကြိမ် ၊ ဥရောပစူပါဖလား ၁ကြိမ် ၊ ကားလင်းဖလား ၁ကြိမ်တို့ကို ရယူနိုင်ခဲ့သူ ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီ အကုန်မှာတော့ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာပါ။

Photo Credit: Marca

ဒါကြောင့်ပဲ ချယ်လ်ဆီးက အသင်းရဲ့ သက်တော်ရှည် ကစားသမား တဦး ဖြစ်တဲ့ အက်စ်ပီလီကွီတာကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ယခုနှစ် ဘောလုံးရာသီ စတင်ကတည်းက ကြိုးစားခဲ့ပေမယ့် အက်စ်ပီလီကွီတာ ကတော့ သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးအချိန်မှာ သူ့ရဲ့ မွေးရပ်မြေ စပိန်နိုင်ငံဆီသာ ပြန်လည် ပြောင်းရွှေ့ဖို့ ဆန္ဒပြင်းပျနေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ အက်စ်ပီလီကွီတာကို ရာသီကုန်မှာ အလွတ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားပြီး အက်စ်ပီလီကွီတာကို ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။