လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ လူအများရဲ့ ဝေဖန်မှုတွေကို ခံနေရတဲ့ VAR ကတော့ မန်ချက်စတာယူနိုက်တက်နဲ့ ချယ်လ်ဆီး ပွဲအပြီးမှာလည်း ချယ်လ်ဆီး ကစားသမား အက်ဇ်ပီလီကွီတာရဲ့ ကွင်းဘေးက မော်နီတာကို ဘာလို့ အသုံးမပြုခဲ့တာလဲ ဆိုတဲ့ မေးခွန်း ထုတ်မှုကို ခံခဲ့ရပါတယ်။ ယမန်နေ့ညမှာ ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပွဲစဉ်ဟာ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့ပြီး အဆိုပါပွဲရဲ့ ပထမပိုင်းမှာ အငြင်းပွား ဖွယ်ရာ ကိစ္စတစ်ခု ဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်ရပ်မှာ ချယ်လ်ဆီးအသင်းအား ပင်နယ်တီ မပေးခဲ့တဲ့ အပေါ် ဝေဖန်မှုတချို့ ရှိနေပါတယ်။

Photo Credit: Sky Sports

အဆိုပါပွဲစဉ်ရဲ့ ပထမပိုင်း မှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟို ခံစစ်မှူး မက်ဂွိုင်းယားအနေနဲ့ ပင်နယ်တီ ဧရိယာ အတွင်း ခေါင်းတိုက် ရှင်းထုတ်ရာမှာ လက်နဲ့ ချယ်လ်ဆီး ညာနောက်ခံလူ အက်ဇ်ပီလီကွီတာ ရဲ့ လည်ပင်းကို သိုင်းဖက် ခဲ့သလို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အပြစ် ပေးခြင်းတော့ မခံခဲ့ရပါဘူး။ အက်ဇ်ပီလီကွီတာ ကတော့ ထိုကဲ့သို့ ကျုးလွန် ခံခဲ့ရတာကို ဒိုင်လူကြီး အနေနဲ့ ဆုံးဖြတ်ချက် တစ်ခုခု ချမှတ်လိမ့်မယ် လို့ ထင်ခဲ့ပေမယ့်လည်း ကွင်းလယ်ဒိုင် မာတင် အက်တင်ဆန် ကတော့ အဆိုပါ အဖြစ်အပျက်ကို ပြန်ကြည့်ပြီး ဆုံးဖြတ်ချက် ချဖို့တောင် အချိန်မယူခဲ့တာကြောင့် အံ့ဩစရာတွေ ဖြစ်ကုန်ခဲ့ရပါတယ်။

Photo Credit: Sky Sports

ချယ်လ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်တဲ့ အက်ဇ်ပီလီကွီတာ ကို ပြစ်ဒဏ် ကျုးလွန်ခြင်း ခံခဲ့ရလားဆိုပြီး မေးခဲ့တဲ့ အခါမှာတော့ ကွီတာက – ” မေးခွန်းကောင်းပဲ။ ကျွန်တော့်ရဲ့ လည်ပင်း နဲ့ ပုခုံးတွေ ကို ဖက်ခဲ့တယ်လို့ ကျွန်တော် ခံစားခဲ့ရပါတယ်။ ဒိုင်လူကြီး အနေနဲ့ ဆုံးဖြတ်ချက် ချလို့ရပါတယ်။ VAR ကလည်း အဲ့ဒီမှာ ကူညီဖို့ အသင့်ပါပဲ။ ဘယ်လို အခြေအနေမျိုး ဖြစ်နေပါစေ ဒိုင်လူကြီး အနေနဲ့ အဓိက ဆုံးဖြတ်ချက် ကို ချမှတ်ရမှာ ဖြစ်ပြီးတော့ မော်နီတာကလည်း သူ့ကို ကူညီဖို့ ရှိနေပါတယ်။ အဲ့အခြေအနေက ၅၀-၅၀ ပဲ။ အဲ့ဒါကို ပြန်ကြည့်ဖို့ အချိန် စက္ကန့် ၂၀ လောက်တောင် မယူခဲ့တာလဲ မသိဘူး ? ကျွန်တော်ထင်ပါတယ် VAR က အများကြီး တိုးတက် အုန်းမယ်ဆိုတာကို။ အဲ့ဒါက ဖြစ်နိုင်ပါတယ်။ ဒါက ဘောလုံးပဲလေ။ တစ်ယောက်ယောက်နဲ့ ထိမိတိုင်း အဲ့ဒါက ပင်နယ်တီ ဖြစ်သင့်တယ်လို့ ကျွန်တော် မပြောဘူးနော် ” လို့ ပြောကြား သွားခဲ့ပါတယ်။

Photo Credit: Sky Sports

 

ချယ်လ်ဆီးအသင်းရဲ့ ကစားပုံနဲ့ ပတ်သတ်ပြီး ကွီတာက – “ အင်္ဂလန်မှာ ပြင်းထန်ကြမ်းတမ်းတဲ့ ကစားပုံမျိုး ရှိပါတယ်။ ပရီးမီးယားလိဂ် အနေနဲ့ အမြဲတိုးတက်အောင် လုပ်နေသင့်တယ်။ ဒါ ဝေဖန်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အားလုံး အတူတကွ ပိုကောင်းတဲ့လိဂ် တစ်ခုဖြစ်အောင် လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပိုကောင်းအောင် ကစားနိုင်တယ်‌လို့ ကျွန်တော် ခံစားမိပါတယ်။ ‌ကျွန်တော်တို့ နေရာလွတ်တွေ ရှာဖွေနိုင်ခဲ့ပေမယ့်လည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ မချနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ အနေနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်ကို အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပြီးတော့ ပထမ ပိုင်းမှာ အမှားတစ်ကြိမ်ပဲ ရှိခဲ့ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ ပိုပြီးကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ တစ်ခါတစ်လေမှာမြန်မြန်ဆန်ဆန်ပေးပို့တဲ့ ဘောလုံးတွေကိုတော့ မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှုတွေ လွယ်လွယ်ကူကူပဲ ဆုံးရှူံးတယ်။ ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံး ကစားသွားနိုင်ခဲ့ပါတယ်။ ဒါက အသင်းဖော်တိုင်းရဲ့ ကောင်းတဲ့ အားထုတ်မှု‌တွေကြောင့်ပါပဲ။ အမှန်တိုင်းပြောရရင်တော့ ကျွန်တော်တို့ ဒီထက်မက ပိုလိုချင်ခဲ့ပါတယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။