ဂျာမန်ဘွန်ဒစ်လီဂါ ဘောလုံးပြိုင်ပွဲဆိုတာ ဂျာမနီဘောလုံးသမားကောင်းတွေရဲ့ မူလဇစ်မြစ် နေရာတစ်ခု ဖြစ်သလို အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အာရှကစားသမားတွေရဲ့အိမ်မက်တွေ အစပျိုးရာ နေရာဆိုလည်း မမှားပါဘူး။ လက်ရှိအချိန် ဂျာမနီ ကလပ်အသင်းတွေထဲမှာ ဂျပန်နဲ့ တောင်ကိုရီးယား ဘောလုံးသမားတွေသာ အရေအတွက် ပိုများနေကြတယ်ဆိုပေမယ့် ယခင်ကတော့ အီရန်ကစားသမားတွေဟာ ဘိုင်ယန် ဖရန့်ဖတ်တို့လို အသင်းတွေမှာတောင် ပါဝင်ကစားခဲ့ရပြီး အခုလည်း အီရန်ကြယ်ပွင့် ကစားသမားတစ်ဦးက ဂျာမနီမြေကို စတင်ခြေချသွားတော့မှာ ဖြစ်ပါတယ်။

Photo Credit : Twitter

သူကတော့ အသက်(၂၇)နှစ်အရွှယ်ရှိတဲ့ အီရန်လက်ရွေးစင် တိုက်စစ်ကစားသမား ဆာဒါအက်ဇမွန်ပဲ ဖြစ်ပါတယ်။ လက်ရှိ ရုရှားရဲ့ အထင်ကရ ဘောလုံးကလပ် ဇင်းနစ်အသင်းမှာ ပါဝင်ကစားနေတဲ့ အက်ဇမွန်ဟာ ၂၀၁၃ခုနှစ်ကတည်းက ရုရှားဘောလုံးနယ်ပယ်ကို စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီး ရုရှားကလပ် ရူဘင်ကာဇန်အသင်းမှာ သူရဲ့ ဥရောပ ဘောလုံးကစားသမားဘဝကို စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁ရခုနှစ်မှာ နောက်ထပ် ရုရှားကလပ် ရော့စတော့အသင်းကို ပြောင်းရွှေ့ခဲ့ပြီး (၂)နှစ်အကြာမှာပဲ ရုရှားထိပ်သီးကလပ် ဇင်းနစ်ကိုပါ ထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အက်ဇမွန်ဟာ ဇင်းနစ်အသင်းအတွက် ပွဲပေါင်း(၁၀၄)ပွဲ ကစားထားအပြီးမှာ သွင်းဂိုးပေါင်း (၆၂)ဂိုးထိကို သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : Twitter

အီရန်လက်ရွေးစင် အသင်းအတွက်ပါ ပွဲပေါင်း(၆၀) ပါဝင်ကစားထားပြီး သွင်းဂိုးပေါင်း (၃၉)ဂိုးအထိ သွင်းယူထားနိုင်ခဲ့တဲ့ ဂိုးသွင်းအားကောင်းလှတဲ့ အက်ဇမွန်ကို ဂျာမနီ နာမည်ကျော်ကလပ် လေဗာကူဆင်အသင်းကနေ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားပြီး (၅)နှစ်စာချုပ်ထိ ချုပ်ဆိုသွားဖို့ အကြိုသဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။ အက်ဇမွန်လို တိုက်စစ်အားကောင်းတဲ့ ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာဟာ လေဗာကူဆင်အသင်းအတွက် အရမ်းကို အကျိုးရှိစေမယ့် ခေါ်ယူမှုတစ်ခု ဖြစ်လာနိုင်သလို ဆွန်ဟောင်မင်အလွန် နောက်ထပ် အသင်းအတွက် အားထားရမယ့် အာရှကြယ်ပွင့်တစ်ဦးလည်း ဖြစ်လာနိုင်ပါတယ်။ အက်ဇမွန်ကို ခေါ်ယူနိုင်ခဲ့ပြီး လက်ရှိ အသင်းရဲ့ ဂိုးသွင်းစက် ချက်တိုက်စစ်မှူး ပက်သရစ်ရှစ်ခ်ကိုပါ အသင်းမှာ ဆက်ထိန်းထားနိုင်ခဲ့မယ်ဆိုရင် လေဗာကူဆင်ရဲ့ တိုက်စစ်အတွဲအဖက်က စောင့်ကြည့်ချင်စရာ ဖြစ်လာနိုင်ပါတယ်။ ဇင်းနစ်နဲ့ ချယ်လ်ဆီးတို့ ရင်ဆိုင်ခဲ့ကြတဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲမှာ ဇင်းနစ်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တဲ့ အက်ဇမွန်ဟာ လက်ကျန်ဘောလုံးရာသီကိုတော့ ဇင်းနစ်အသင်းနဲ့သာ ဆက်လက်ဖြတ်သန်းနေရဦးမှာဖြစ်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း သူရဲ့အသင်းသစ် ဖြစ်လာမယ့် လေဗာကူဆင်နဲ့ပါ ဆုံတွေ့ရနိုင်ဖွယ် ရှိနေပါတယ်။