သြစတြေးလျ လက်ရွေးစင်ဟောင်း ဝါရင့်တိုက်စစ်မှူးကြီး မက်ခ်ဗီဒူကာကို ဘောလုံးပရိသတ်တွေ သိကြမယ်လို့ ထင်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ကြယ်ပွင့်ဟောင်းတစ်ဦးဖြစ်တဲ့ ဒီတိုက်စစ်မှူးကြီးကို လိဒ်ယူနိုက်တက်အသင်းနဲ့တွဲပြီး သိထားကြသလို ဗီဒူကာကိုယ်တိုင်ကလည်း အင်္ဂလန်မြေမှာ သူရဲ့ဂိုးသွင်းစွမ်းရည်ကောင်းတွေကို ပြသထားနိုင်လို့ ပရိသတ်အချစ်တော် ကစားသမားတစ်ယောက် ဖြစ်ခဲ့ရပါတယ်။ ဒီကစားသမားကြီးက လက်ရှိမှာ ဘောလုံးသမားဘဝကနေ အနားယူထားပြီဖြစ်ပေမယ့် ကစားသမားဘဝရဲ့ အတောက်ပဆုံး ကာလတုန်းကတော့ အေစီမီလန်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေမှာ သွားရောက်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ဆိုလာခဲ့ပါတယ်။

 

အသက်(၄၄)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဗီဒူကာဟာ ဒိုင်နမိုဇာဂရက်ဇ် ဆဲလ်တစ် လိဒ်ယူနိုက်တက် မစ်ဒယ်ဘရော့နဲ့ နယူးကာဆဲလ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတာဖြစ်ပြီး ၂၀၀၁ခုနှစ်ကဆိုရင် လိဒ်အသင်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ထိကို တတ်လှမ်းနိုင်ခဲ့ပါတယ်။ ဒီလို အခြေအနေအထိ ရောက်ရှိခဲ့ဖူးတဲ့ ဗီဒူကာကို အဲ့ဒီအချိန်တုန်းက အေစီမီလန်အသင်းကနေ ခေါ်ယူဖို့ကြိုးပမ်းခဲ့ပေမယ့် လိဒ်အသင်းဘက်ကနေ ပိတ်ပင်ခဲ့တယ်လို့ ဗီဒူကာက ပြောဆိုလာခဲ့ပါတယ်။ ဗီဒူကာက “၂၀၀၁ခုနှစ် အကုန်ပိုင်းလောက်မှာ မီလန်အသင်းဆီ ပူးပေါင်းဖို့အတွက် အခွင့်အရေးကောင်းတစ်ခုကို ကျွန်တော်ပိုင်ဆိုင်ခဲ့ပါတယ်”

“လိဒ်အသင်းဘက်ကနေလည်း ကျွန်တော့်အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့သလို ပေါင်၃၈သန်းနဲ့ အကြမ်းဖျင်းသတ်မှတ်ခဲ့ပါတယ်။ တကယ်တမ်း မီလန်ဘက်ကနေ အဲ့ဒီတန်ကြေးပမာဏနဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်လာခဲ့တော့ လိဒ်ဘက်ကနေ ကျွန်တော့်ကို ရောင်းချဖို့ ငြင်းဆန်ပယ်ချခဲ့လို့ အပြောင်းအရွှေ့က ပျက်သွားခဲ့ပါတယ်။ တကယ်တော့ ကျွန်တော်က မီလန်အသင်းရဲ့ ပရိသတ်တစ်ယောက်ပါ။ ငယ်ငယ်တုန်းကဆိုရင် မီလန်ဂန္တဝင်ကစားသမားကြီးတွေကိုကြည့်ပြီး ကြီးပျင်းလာခဲ့ရတာပါ။ ကျွန်တော်ရဲ့အနှစ်သက်ဆုံးအသင်းဆီမှာ ပါဝင်ကစားနိုင်ခွင့်မရှိတာတော့ စိတ်မကောင်းဖြစ်မိတယ်” လို့ ဆိုလာပါတယ်။ ဒီလို မီလန်အသင်းနဲ့ အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့တဲ့ ဗီဒူကာကို မန်ချက်စတာယူနိုက်တက်အသင်းဘက်ကနေလည်း ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့တဲ့အပြင် အပြောင်းအရွှေ့ကိုလည်း ဆွေးနွေးဖြစ်ခဲ့ပေမယ့် သူကိုယ်တိုင်က ယူနိုက်တက်ကို မရွေးချယ်ပဲ လိဒ်မှာပဲ ဆက်လက်ရှိနေခဲ့တယ်လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။