ပြီးခဲ့တဲ့ရက်ပိုင်းက စပိန်သတင်းမီဒီယာတွေမှာ မိုနာကိုအသင်းရဲ့ ပြင်သစ်ကြယ်ပွင့် ကွင်းလယ်ကစားသမားလေး ချူအာမန်နီကို လာလီဂါထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင််းကနေ ခေါ်ယူသွားဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်တယ်လို့ ဖော်ပြလာခဲ့ပေမယ့် ချူအာမန်နီရဲ့ အေးဂျင့်ကတော့ သူ့ကစားသမားနဲ့ ရီးယဲလ်အသင်းတို့ကြားမှာ ဘာသဘောတူညီမှုမှ မရယူထားခဲ့ဘူးလို့ ငြင်းဆိုပြောကြားသွားခဲ့ပါတယ်။

Photo Credit : Blaze Trends

အသက်(၂၂)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမားလေး ချူအာမန်နီဟာ ဘော်ဒိုးလူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ၂၀၂ဝခုနှစ်မှာပဲ မိုနာကိုအသင်းဆီ (၄)နှစ်ခွဲစာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ခုနှစ်မှာပဲ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံခဲ့ရတဲ့ ချူအာမန်နီဟာ အသင်းနဲ့အတူ UEFA Nations League ချန်ပီယံပါ ဖြစ်လာစေခဲ့ပြီး သူရဲ့ခြေစွမ်းခြေစတွေကိုလည်း ဥရောပထိပ်သီး ကလပ်အသင်းတွေက စတင် သတိထားမိလာကြပါတယ်။ ကွင်းလယ်ခံစစ်နေရာမှာ ကျွမ်းကျင်စွာ ပါဝင်ကစားတတ်တဲ့ ချူအာမန်နီကို ချယ်လ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေက ကာလရှည်ကြာ စိတ်ဝင်စားနေခဲ့ပေမယ့် ကစားသမားလေးက ရီးယဲလ်အသင်းကိုသာ ပြောင်းရွှေ့ဖို့ ရွေးချယ်သွားခဲ့တယ်လို့ စပိန်မီဒီယာတစ်ခုကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Juvefc

ဒါပေမယ့်လည်း ချူအာမန်နီရဲ့ အေးဂျင့်ဖြစ်သူကတော့ သူ့ကစားသမားနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ကြားမှာ ဘာသဘောတူညီချက်မှ မရရှိသေးဘူးလို့ ပယ်ချသွားခဲ့ကြောင်း ပြင်သစ်သတင်းမီဒီယာ Le Parisien ကနေ ပြန်လည်ဖော်ပြလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေစျေးကွက်ကမှ ပြင်သစ် လူငယ်ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ကာမာဗင်ဂါကို ခေါ်ယူအားဖြည့်ထားတဲ့ ရီးယဲလ်အသင်းဟာ အသင်းရဲ့ ဝါရင့်ကွင်းလယ်ကစားသမားကြီးတွေဖြစ်တဲ့ မိုဒရစ် တိုနီကရူးစ်တို့ရဲ့နေရာမှာ သွေးသစ်လောင်းဖို့အတွက် အရည်အသွေးမြင့် လူငယ်ကွင်းလယ်လူတွေကို အလိုရှိနေတာဖြစ်ပြီး ချူအာမန်နီရဲ့ စွမ်းဆောင်ရည်တွေကို ကာလရှည်ကြာ စောင့်ကြည့်နေခဲ့တာလည်း ဖြစ်ပါတယ်။ ချူအာမန်နီရဲ့ လက်ရှိတန်ကြေးက ယူရိုသန်း(၄၀)ဝန်းကျင်လို့ transfermarket ကနေ ဖော်ပြထားခဲ့ပေမယ့်လည်း မိုနာကိုအသင်းနဲ့ ၂၀၂၄ခုနှစ်ထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်သလို သူရဲ့အသက်အရွှယ် စွမ်းဆောင်ရည်တွေကြောင့် အနိမ့်ဆုံး ယူရိုသန်း(၅၀)လောက်နဲ့ ကမ်းလှမ်းရဖွယ် ရှိနိုင်ပါတယ်။ ချူအာမန်နီကို ရီးယဲလ် ချယ်လ်ဆီးနဲ့ ယူနိုက်တက်အသင်းတွေအပြင် ပြင်သစ်လီဂူးရဲ့အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းကပါ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။