မြန်မာ့လက်ရွေးစင် အသင်းနဲ့ ရတနာပုံ အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ အောင်သူဟာ ထိုင်းလိဂ်၁ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘူရီယန်အသင်းထံကို မကြာမီမှာပဲ ပြောင်းရွှေ့ နိုင်တော့မယ် လို့ သိရှိရပါတယ်။ မန္တလေး အားကာသိပ္ပံထွက် ကစားသမား တစ်ဦးဖြစ်တဲ့ အောင်သူဟာ မြန်မာ့လက်ရွေးစင် အသင်းအတွက် မရှိမဖြစ် အားထားရတဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်ပြီး သူ့ရဲ့ အသင်းကို ဦးဆောင်နိုင်စွမ်းတွေ ၊ ကွင်းပြင်ပမှာ အနေအေးမှုတွေကြောင့် မြန်မာ့ဘောလုံး ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: ESPN

အောင်သူဟာ ပြီးခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီမှာ သူ့ရဲ့ ငယ်ဘဝ အသင်းတစ်သင်း ဖြစ်တဲ့ ရတနာပုံအသင်း အတွက် ကစားပေးခဲ့ပေမယ့် လက်ရှိ အချိန်မှာတော့ ရတနာပုံ အသင်းကနေ ထိုင်းလိဂ်၁ ကလပ် ဘူရီယန်အသင်းထံ ပြောင်းရွှေ့တော့မှာ ဖြစ်ပြီး ကလပ်အသင်း နှစ်သင်းကြားမှာ ဆွေးနွေး ညှိနှိုင်းမှုတွေ ပြီးဆုံးခဲ့ပြီ ဖြစ်ကြောင်း ရတနာပုံအသင်းရဲ့ မန်နေဂျာ ဦးအတာဦးက အတည်ပြု ပြောဆို ထားပါတယ်။ ဒါပေမယ့် လတ်တလောမှာတော့ အောင်သူနဲ့ ဘူရီယန်အသင်းတို့ဟာ လုပ်ခလစာကိစ္စ အပြင် အခြားသော ခံစားခွင့်တွေ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေဆဲ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ဘူရီယန်အသင်းဟာ အောင်သူအတွက် ရတနာပုံ အသင်းထံ ပြောင်းရွှေ့ကြေး ဒေါ်လာ ၅သောင်း (မြန်မာငွေ ၆၇၅သိန်း) ကို ပေးချေသွားမှာ ဖြစ်ကြောင်း သိထား ရပါတယ်။

Photo Credit: ESPN

အောင်သူရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဦးအတာဦးက “ဒီသတင်းကတော့ အမှန်ပါ။(အောင်သူနဲ့ ဘူရီယန်အသင်းရဲ့ အပြောင်းအရွှေ့သတင်း) ဘူရီယန်အသင်းက အောင်သူအတွက် တရားဝင် ကမ်းလှမ်းလာပြီး ဆွေးနွေးပြီးသွားပါပြီ။ အောင်သူရဲ့ လုပ်ခလစာနဲ့ တခြား ခံစားခွင့်တွေ အတွက် ညှိနှိုင်း နေကြတုန်းပါပဲ” လို့ ပြောကြား သွားခဲ့ပါတယ်။ အောင်သူဟာ ယခင်ကလည်း ထိုင်းလိဂ်၁ အသင်းတွေ ဖြစ်တဲ့ ပူးလိစ်တယ်ရိုအသင်းနဲ့ မြောင်သောင်အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး ပူးလိစ်တယ်ရိုအသင်း အတွက် ကစားပေးချိန်မှာ သွင်းဂိုး ၁၁ဂိုးအထိ သွင်းယူ ပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး တစ်ဦးလည်း ဖြစ်ပါတယ်။ ကဲ အောင်သူ တစ်ယောက် ထိုင်းလိဂ်၁မှာ ဘူရီယန်အသင်းနဲ့အတူ ဘယ်လောက် အထိ တောက်ပနိုင်မလဲ ဆိုတာ စောင့်ကြည့် သွားရမှာပါ။