One Championship ကနေ ကျင်းပတဲ့ ဖယ်သာဝိတ်တန်း မွေ့ထိုင်းပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံ တစ်ဦးအဖြစ် ရပ်တည်နေတဲ့ ထိုင်းလူမျိုး မွေ့ထိုင်း ချန်ပီယံ ရော့ဒ်ထန် ကတော့ လာမယ့် အောက်တိုဘာလ ၃၀ရက်နေ့မှာ ယှဉ်ပြိုင် ထိုးသတ်ကြမယ့် မြန်မာ့ဂုဏ်ဆောင် MMA ကစားသမား အောင်လအန်ဆန်နဲ့ ရိုင်နီယာတို့ရဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲမှာ အောင်လအန်ဆန်ကသာ အနိုင်ရသွားလိမ့်မယ်လို့ ဟောကိန်း ထုတ်သွားခဲ့ပါတယ်။ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ထိုးသတ်ကြမယ့် မြန်မာ့စပါးကြီး အောင်လအန်ဆန်နဲ့ နယ်သာလန်သား ရိုင်နီယာတို့ရဲ့ ပွဲစဉ်ဟာ လတ်တလောမှာ ပရိသတ်တွေ စိတ်ဝင်စားမှု မြင့်တက်နေတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ပြီး ဘယ်သူ အသာစီး ရသွားမလဲဆိုတာ ခန့်မှန်းရခက်တဲ့ ပွဲတစ်ပွဲပါ။

Photo Credit: Yahoo

ဒါပေမယ့် မွေ့ထိုင်းချန်ပီယံ ရော့ဒ်ထန် ကတော့ အောင်လဟာ လွယ်လွယ်နဲ့ အရှုံးမပေးတတ်တဲ့ ဖိုက်တာ တစ်ဦးဖြစ်တာကြောင့် ရိုင်နီယာနဲ့ ပွဲစဉ်မှာလည်း အနိုင်ရဦးမှာ ဖြစ်ကြောင်း သုံးသပ် သွားပါတယ်။ ရော့ဒ်ထန် က “ကျွန်တော်နဲ့ အောင်လက အရမ်းကို ရင်းနှီးကြတဲ့ သူငယ်ချင်းတွေပါ။ သူက အသည်းမာတဲ့ ဖိုက်တာ တစ်ယောက်ဖြစ်သလို အရှုံးမပေးတတ်တဲ့ လူတစ်ဦးပါ။ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ ရှိတဲ့ တူညီတဲ့ အချက်ကတော့ ဘယ်လို စိန်ခေါ်မှုမျိုးကို မဆို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေသလို အမြဲတမ်း ပိုပိုပြီး ကောင်းလာအောင် လေ့ကျင့် ပြင်ဆင်နေတာပါပဲ။ ဒီပွဲမှာတော့ ကွာဟချက်က သိပ်ပြီး မရှိလောက်ပါဘူး။ ဒါပေမယ့် အောင်လက ပိုပြီး ထိုးသတ်ပုံ စုံလင်သလို အားသာချက် တချို့လည်း ရှိနေပါတယ်။ ကျွန်တော်က မွေ့ထိုင်းဖိုက်တာ တစ်ယောက် ဖြစ်တာကြောင့် ဒီပွဲမှာ အောင်လရဲ့ ကန်ချက်တွေ ၊ အားပါတဲ့ လက်သီးချက်တွေ မြင်ရမယ်လို့ ထင်ပါတယ်။ ဘယ်သူက အနိုင်ရသွားမလဲ ဆိုတာ ရွေးရခက်ပေမယ့် အောင်လကပဲ အောင်ပွဲခံသွားပါလိမ့်မယ်” လို့ သုံးသပ် သွားပါတယ်။

Photo Credit: Yahoo

မြန်မာ့ ဂုဏ်ဆောင် ကစားသမားကြီး ဖြစ်တဲ့ အောင်လအန်ဆန် ကတော့ ရိုင်နီယာကို ပြင်းထန် အားပါတဲ့ လက်သီးထိုးချက်တွေနဲ့ အနိုင်ယူပြမယ်လို့ ကြုံးဝါးခဲ့ပါသေးတယ်။ အောင်လက “ဒီပွဲစဉ်က ပရိသတ်တွေ အတွက် စိတ်ဝင်စားဖို့ ကောင်းမယ့် ပွဲစဉ်တစ်ပွဲပါ။ ကိုယ်ပြင်ဆင်လာတဲ့ ဗျူဟာကို ဘယ်သူက အမိအရ အကောင်အထည် ဖော်သွားနိုင်မလဲ ဆိုတာက ဒီပွဲအတွက် အဓိကကျတဲ့ အရာတစ်ခု ဖြစ်လာမှာပါ။ ကျွန်တော်က သူနဲ့ ထိုးသတ်ပုံချင်း ဆင်တူပြီး BJJခါးပတ်နဲ့ ရထားတဲ့ ဒဲလက် ဘရန်ဆန် ၊ ဘရန်ဒန် အယ်လန် ၊ ဆီဇာ မူတန်တီတို့နဲ့ ပူးတွဲ လေ့ကျင့် ထားတာကြောင့် ကျွန်တော် တစ်ခါမှ မရင်ဆိုင်ဖူးတဲ့ တိုက်ကွက်ကို သူ့ဘက်က ပြသနိုင်မယ် မထင်ပါဘူး။ ရိုင်နီယာဟာ ရှုံးပွဲ မရှိသေးတာကြောင့် သူ့ရဲ့ ယုံကြည်ချက်တွေက အမြင့်ဆုံး ရောက်နေမှာ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ လက်သီးချက်တွေ သူ့မျက်နှာကို ထိမှန်တာနဲ့ သူဟာ ပြိုလဲ သွားမှာပါ။ နောက်ထပ် လက်သီးတွဲလုံးတွေ ထပ်ပြီး ထိမှန်ရင်တော့ သူဟာ တဖြည်းဖြည်း ရှုံးနိမ့်သွားမှာပါ” လို့ ပြောပြ သွားခဲ့ပါတယ်။