ဒီနေ့ညမှာတော့ ကျွန်တော်တို့ရဲ့ အချစ်တော် MMA ဖိုက်တာ အောင်လအန်ဆန်နဲ့ နယ်သာလန် နိုင်ငံသား ဖိုက်တာ တစ်ယောက်ဖြစ်တဲ့ ရိုင်နီယာတို့ဟာ One Championship ကနေ ကျင်းပတဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံခါးပတ် ကို ကြိုးဝိုင်းထဲမှာ အပြိုင်အဆိုင် လုကြတော့မှာပဲ ဖြစ်ပါတယ်။ အဆိုပါပွဲမှာ ကျွန်တော်တို့ရဲ့ အချစ်တော် ချန်ပီယံကြီး အောင်လအန်ဆန်ဟာ ချန်ပီယံခါးပတ်ကို ကာကွယ်မယ့်သူ အဖြစ် ရှိနေပြီး ရိုင်နီယာကတော့ စိန်ခေါ်သူ နေရာကနေ ထိုးသတ်သွားမှာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ကျွန်တော်က အောင်လအန်ဆန်နဲ့ ရိုင်နီယာတို့ရဲ့ ချန်ပီယံလုပွဲမှာ ဖိုက်တာနှစ်ယောက်ရဲ့ ထိုးသတ်ပုံတွေကို ပရိသတ်တွေ ရင်းနှီးသွားအောင် တင်ဆက် ပေးသွားမှာ ဖြစ်သလို ဘယ်သူက အသာစီး ရသွားမလဲ ဆိုတာကိုပါ သုံးသပ် ပေးသွားမှာပါ။

Photo Credit: The One Championship

အောင်လအန်ဆန်နဲ့ ရိုင်နီယာတို့ရဲ့ ပွဲစဉ်ဟာ စင်္ကာပူနိုင်ငံမှာ ထိုးသတ်မှာ ဖြစ်တာကြောင့် နှစ်ဦးကြားမှာ အိမ်ကွင်းအားသာချက် မရှိပေမယ့် စင်္ကာပူနိုင်ငံဟာ မြန်မာနိုင်ငံသား များပြားတဲ့ နိုင်ငံ ဖြစ်တာကြောင့် အောင်လအတွက် ပရိသတ် အားပေးမှု ရရှိမှာ သေချာပါတယ်။ ဒီပရိသတ် အားပေးမှုဟာ အောင်လအတွက် အားတက်စရာ အရာတစ်ခု ဖြစ်လာနိုင်ပါတယ်။ အသက်အရွယ်ပိုင်းမှာ ရိုင်နီယာဟာ အောင်လထက် ၃နှစ် ပိုမို ငယ်ရွယ်သူ ဖြစ်ပေမယ့် အောင်လဟာ အသက် ၃၃နှစ် အရွယ်သာ ရှိသေးတာကြောင့် ဖိုက်တာတစ်ဦး အတွက် အတွေ့အကြုံရော လက်စွမ်းပိုင်းပါ အကောင်းဆုံး အနေအထား တစ်ရပ်မှာ ရှိနေပြီး အောင်လရဲ့ အတွေ့အကြုံတွေဟာ ဒီပွဲမှာ အရေးပါလာနိုင်ပါတယ်။

Photo Credit: The One Championship

အောင်လဟာ အရပ်အမြင့် ၆ပေ ၁လက်မ ရှိကာ ကိုယ်အလေးချိန် ၂၀၅ပေါင် ရှိတာကြောင့် ဖိုက်တာ တစ်ဦးအတွက် အကောင်းဆုံး ခန္ဓာကိုယ် အနေအထား ရှိပြီး ရိုင်နီယာကတော့ အရပ်အမြင့် ၆ပေ ၄လက်မ ရှိကာ ကိုယ်အလေးချိန် ၁၈၅ပေါင်သာ ရှိတာကြောင့် အောင်လနဲ့ ယှဉ်ရင် အရပ်အမောင်းမှာ အသာ ရပေမယ့် ခန္ဓာကိုယ် အနေအထားပိုင်း မှာတော့ အောင်လက ပိုပြီး အသာရနေပါတယ်။ ရိုင်နီယာဟာ ဂျူဂျစ်ဆု အပိုင်းမှာ အားသာသူ တစ်ဦးဖြစ်တာကြောင့် အောင်လနဲ့ပွဲမှာလည်း လက်သီးတွဲလုံးတွေ ထက် ချုပ်ကွက်ကိုသာ ပိုမို အလေးပေး ကစားဖွယ်ရှိကာ အောင်လရဲ့ ခန္ဓာကိုယ်က သူ့ထက် ပိုမို တောင့်တင်းတဲ့ အချက်ဟာ ရိုင်နီယာအတွက် အခက်အခဲ တစ်ခု ဖြစ်လာနိုင်ပါတယ်။

Photo Credit: The One Championship

ဒါ့အပြင် အောင်လအန်ဆန်ဟာ Burmese Pythonလို့ နာမည်ပြောင် ရထားတဲ့ အထိ ချုပ်ကွက်ပိုင်းမှာ ကောင်းမွန်သူ တစ်ဦးဖြစ်တာကြောင့် ရိုင်နီယာအနေနဲ့ ဒီနေ့ပွဲမှာ သူအားသာတဲ့ ဂျူဂျစ်ဆုကို သုံးစွဲနိုင်ဖို့ မလွယ်ကူပါဘူး။ ဒါပေမယ့် ရိုင်နီယာကတော့ ပွဲကြို အင်တာဗျူးတွေမှာ သူ့ရဲ့ ဂျူဂျစ်ဆုပညာဟာ အောင်လ ထက် ပိုမို သာလွန်ကြောင်းကို ပြသ သွားမယ်လို့ ကြုံးဝါး ထားပါတယ်။

Photo Credit: The One Championship

မြန်မာ့ဂုဏ်ဆောင် ကစားသမား ဖြစ်တဲ့ အောင်လအန်ဆန် ကတော့ နောက်ဆုံး ယှဉ်ပြိုင် ထိုးသတ်ခဲ့တဲ့ ၇ပွဲ ဆက်တိုက် အနိုင်ရရှိထားသလို မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ဖြစ်လာပြီး ကတည်းက မြန်မာ့လက်ဝှေ့ကို လေ့လာခဲ့တာကြောင့် ဒီပွဲအတွက် အောင်လရဲ့ အကြီးမားဆုံး အားသာချက်ဟာ Stand Fight ဖြစ်လာမှာပါ။ အထူးသဖြင့် အောင်လဟာ နောက်ဆုံး ကစားခဲ့တဲ့ ၄ပွဲဆက်တိုက် ချုပ်ကွက်မသုံးပဲ လက်သီးတွဲလုံးတွေ ၊ ခြေကန်ချက်တွေကိုသာ အသုံးပြုပြီး အနိုင်ရထားတာကြောင့် ဒီနေ့ပွဲမှာလည်း လက်သီးတွဲလုံးတွေကိုသာ အဓိက အားကိုးပြီး ကစားနိုင်ပါတယ်။

Photo Credit: The One Championship

တစ်ဖက်မှာတော့ ရိုင်နီယာဟာ သက်လုံ ကောင်းမွန်သူ ဖြစ်ပေမယ့် ဂျူဂျစ်ဆု ကစားသမားတွေရဲ့ ထုံးစံ အတိုင်းပဲ Stand Fight ကောင်းတဲ့ ကစားသမားတွေနဲ့ တွေ့ရင် အလဲလဲ အကွဲကွဲ ဖြစ်တတ်တာကြောင့် အောင်လရဲ့ ပါဝါပြင်းတဲ့ လက်သီးချက်တွေနဲ့ ကန်ချက်တွေဟာ ရိုင်နီယာ အတွက် အိမ်မက်ဆိုးတွေ ဖြစ်လာမှာ သေချာပါတယ်။ ဒါ့ကြောင့် ခြုံကြည့်လိုက်မယ် ဆိုရင် အောင်လဟာ အတွေ့အကြုံပိုင်း ၊ ခန္ဓာကိုယ် တည်ဆောက်ပုံ အပိုင်းမှာ ရိုင်နီယာကို အသာစီးရနေကာ ရိုင်နီယာရဲ့ အားသာချက် ဖြစ်တဲ့ ချုပ်ကွက်အပိုင်းမှာ ရိုင်နီယာနဲ့ အရည်အချင်း သိပ်မကွာသလို ရိုင်နီယာရဲ့ အားနည်းချက် ဖြစ်တဲ့ Stand Fight အပိုင်းမှာ အောင်လဟာ ရိုင်နီယာထက် အပြတ်အသတ် သာနေတာကြောင့် အောင်လရဲ့ ပါဝါပြင်းတဲ့ လက်သီးချက်တွေဟာ ဒီနေ့ပွဲကို အဆုံးအဖြတ် ပေးနိုင်တဲ့ အရာတွေ ဖြစ်ကြောင်း သုံးသပ်လိုက်ပါရစေ။