ကမ္ဘာတစ်ဝှမ်းမှာ မြန်မာ့စပါးအုံးလို့ နာမည် ပြောင် ရရှိထားကာ နာမည်ကြီးလှတဲ့ မြန်မာ့ ဂုဏ်ဆောင် MMA ကစားသမားကြီး အောင်လအန်ဆန် ကတော့ သူဟာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံလိုက်ရပြီ ဖြစ်ကြောင်း သူ့ရဲ့ Facebook Page ကနေ ကြေညာသွားခဲ့ပါတယ်။ အောင်လအန်ဆန်ဟာ လက်ရှိ ကမ္ဘာပေါ်မှာ ကိုရိုနာ ဗိုင်းရပ် ကူးစက်မှု အမြင့်မားဆုံး နိုင်ငံ ဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ နေထိုင်နေသူ တစ်ဦး ဖြစ်ပြီး သူဟာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရမှု လက္ခဏာတွေကို ခံစားနေရတာကြောင့် ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ဆေးစစ်မှုတွေ လုပ်ဆောင်ခဲ့ပြီး ယနေ့မှာတော့ ဆေးစစ်ချက်မှာ ကိုရိုနာဗိုင်းရပ် ရှိနေကြောင်း အဖြေထွက်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ အောင်လအန်ဆန်နဲ့ သူ့ရဲ့ မိသားစုဟာ ၁၄ရက် ကွာရန်တိုင်း ဝင်ရတော့မှာ ဖြစ်ကြောင်းလည်း အောင်လအန်ဆန်က ရေးသားဖော်ပြသွားခဲ့ပါတယ်။

 

Photo Credit: Mizzima

အောင်လအန်ဆန်ရဲ့ Facebook Pageမှာ ဖော်ပြထားတာကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်… ” ချစ်ခင်ရပါသောမိသားစုဝင်များနှင့်မိတ်ဆွေသူငယ်ချင်းများခင်ဗျာ၊ ကျွန်တော် တနင်္လာနေ့တုန်းကကိုဗစ်-၁၉စစ်ဆေးမှုလုပ်ဆောင်ခဲ့ပြီးဒီနေ့မှာတော့ကျွန်တော်ဆီမှာကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိတယ်ဆိုတဲ့ဆေးစစ်ချက်အဖြေထွက်လာပါတယ်။ ဒါကြောင့်ကျွန်တော်နဲ့ ကျွန်တော့်မိသားစု ကွာရန်တင်း ၁၄ရက် နေထိုင်ရတော့မှာဖြစ်ပါတယ်။ နေထိုင်မကောင်းစဖြစ်တဲ့ ပထမနှစ်ရက်မှာတော့ အဖျားရှိတာ၊အသက်ရှုရကြပ်တာ၊ကိုယ်လက်ကိုက်ခဲတာနဲ့မောပန်းတာတွေခံစားခဲ့ရပါတယ်။ဒါပေမယ့် ကျွန်တော့်မိသားစုဝင်တွေကတော့ နေထိုင်ကောင်းပြီးကောင်းမွန်စွာအဆင်ပြေနေတဲ့ ကောင်းကြီးခံစားရပါတယ်။ ကျွန်တော်တို့တို့ဒီအခြေအနေကို အတူတကွ အကောင်းဆုံးရင်ဆိုင်ပြီး၊ ကျွန်တော်တို့ရင်ဆိုင်ကျော်လွှားသွားနိုင်မှာပါ ”

Photo Credit: Mizzima

အောင်လအန်ဆန်ဟာ လက်ရှိအချိန်မှာ MMA ဝိတ်တန်းနှစ်ခုရဲ့ ကမ္ဘာ့ချန်ပီယံ ဖြစ်သလို Fighters Only မဂ္ဂဇင်းကနေ ပေးအပ်ချီးမြှင့် တဲ့ World MMA ဆုပေးပွဲရဲ့ အကောင်းဆုံး ဆုတွေထဲက တစ်ခုဖြစ်တဲ့ ” International Fighter of the Year ” ဆုအတွက် စကာတင် သုံးဦးစာရင်းမှာ ရွေးချယ်ခံထားရသူလည်း ဖြစ်ပါတယ်။ အောင်လအန်ဆန်ဟာ အဆိုပါဆုကို ပြီးခဲ့တဲ့နှစ်ကလည်း ရယူနိုင်ခဲ့သူ ဖြစ်ပြီး ယခုနှစ်မှာလည်း သူရရှိနိုင်အောင် Vote ပေးကြဖို့လည်း ပရိသတ်ကြီးကို တောင်းဆိုထားသူပါ။ International Fighter of the Year ဆုကို အောင်လအန်ဆန် ရရှိဖို့အတွက် အောက်ပါ Link ကနေ တဆင့် Voting ပြုလုပ်လို့ရပါတယ် ခင်ဗျာ….။