မြန့်မာဂုဏ်ဆောင် ကချင်လူမျိုး MMA Fighter တစ်ဦး ဖြစ်တဲ့ အောင်လအန်ဆန် ကတော့ ဆုံးရှုံးထားရတဲ့ သူ့ရဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ပြန်လည် ရယူနိုင်ဖို့ အတွက် လာမယ့် ဧပြီလမှ စတင်ကာ ကြိုးဝိုင်းထဲကို ပြန်လာတော့မှာ ဖြစ်ကြောင်း သိရှိ ရပါတယ်။ အသက် ၃၅နှစ် အရွယ် ရှိနေပြီ ဖြစ်ကာ အရပ်အမြင့် ၆ပေ ၁လက်မ ရှိတဲ့ အောင်လအန်ဆန်ဟာ ယခင်က One Championship ကနေ ကျင်းပတဲ့ မစ်ဒယ်ဝိတ်တန်းနဲ့ Light Weightတန်း နှစ်ခုစလုံးရဲ့ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ပေမယ့် နောက်ဆုံး ထိုးသတ်ခဲ့တဲ့ မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆု ကာကွယ်ပွဲမှာ နယ်သာလန် နိုင်ငံသား ဒီရိုင်ဒါကို ချုပ်ကွက်နဲ့ အရှုံးပေးခဲ့ ရတာကြောင့် မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုကို လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။

Photo Credit: One Championship

အောင်လအန်ဆန်ဟာ ဒီရိုင်ဒါကို ချုပ်ကွက်နဲ့ အရေးနိမ့်ခဲ့ရပေမယ့် သူ့ရဲ့ ဆုံးရှုံးသွားတဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ပြန်ယူဖို့ အတွက် အမြဲတစေ ဆန္ဒရှိနေခဲ့ပြီး လာမယ့် ဧပြီလ ၂၁ရက် မှာတော့ သူ့ရဲ့ မဟာ ပြိုင်ဘက်ဟောင်းကြီး ဖြစ်တဲ့ ရုရှားနိုင်ငံသား ဗီတာလီဘက်ဒစ်နဲ့ ယှဉ်ပြိုင် ထိုးသတ်သွားမှာ ဖြစ်ပြီး အဆိုပါ ပွဲမှာ အနိုင်ရတဲ့သူဟာ ဒီရိုင်ဒါရဲ့ မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် အခွင့်အရေး ရရှိမှာ ဖြစ်တာကြောင့် အောင်လအန်ဆန် အတွက် အဆိုပါ ပွဲစဉ်ဟာ အရေးကြီးတဲ့ ပွဲစဉ်တစ်ပွဲပဲ ဖြစ်ပါတယ်။ အောင်လအန်ဆန်နဲ့ လီဘက်ဒစ်တို့ဟာ ယခင်က နှစ်ကြိမ်တိုင် တွေ့ဆုံဖူးပြီး ပထမတစ်ကြိမ် ယှဉ်ပြိုင် ထိုးသတ်ချိန်မှာ လီဘက်ဒစ်က အောင်လအန်ဆန်ကို ဒိုင်လူကြီးတွေရဲ့ အမှတ်နဲ့ အနိုင်ရခဲ့ကာ ဒုတိယအကြိမ် မကျေပွဲ အဖြစ် ရန်ကုန်မြို့မှာ ပြန်လည် ထိုးသတ်တဲ့ ပွဲစဉ်မှာတော့ အောင်လက အမှတ်နဲ့ လီဘက်ဒစ်ကို ပြန်လည် အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: One Championship

ဒါ့ကြောင့် အနိုင်အရှုံး မပြတ်သားသေးတဲ့ သူတို့နှစ်ယောက် အတွက် ဧပြီလ ၂၁ ရက်နေ့မှာ ကျင်းပမယ့် ပွဲစဉ်ဟာ ဘယ်သူက ပိုကောင်းတဲ့ ကစားသမားလဲ ဆိုတာကို ဆုံးဖြတ်ပေးမှာ ဖြစ်ပြီး အောင်လအန်ဆန် ကတော့ သူ့ရဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်မယ့် အခွင့်အရေးတိုင်းကို အကောင်းဆုံး ဆုပ်ကိုင်သွားမယ် လို့ ပြောကြား ထားပါတယ်။ ဒါ့အပြင် အောင်လအန်ဆန်က သူဟာ ၂၀၂၁ ခုနှစ် အတွင်းမှာ One Championship ပွဲစဉ် ၃ပွဲခန့်ကို ထိုးသတ်ဖို့ လျာထားကြောင်း ပြောကြား ထားတာကြောင့် လီဘက်ဒစ်ကိုသာ အနိုင်ရရှိခဲ့မယ် ဆိုပါက အောင်လအန်ဆန်ဟာ ဒုတိယမြောက် ပွဲစဉ်အဖြစ် ဒီရိုင်ဒါနဲ့ ယှဉ်ပြိုင် ထိုးသတ်ဖွယ် ရှိပြီး အဆိုပါ ပွဲစဉ်မှာသာ ထပ်မံ အနိုင်ရရှိမယ် ဆိုပါက ၂၀၂၁ ခုနှစ် အကုန်ပိုင်းမှာ သူ့ရဲ့ ခါးပတ်ချန်ပီယံ ကာကွယ်ပွဲကို ထိုးသတ်ရဖွယ် ရှိပါတယ်။