ပြီးခဲ့တဲ့ ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာ ယူ၂၂ လက်ရွေးစင်အသင်းနဲ့အတူ ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ တိုက်စစ်မှူး အောင်ကောင်းမာန် ကို အားလုံးပဲ သိရှိကြမယ် ထင်ပါတယ်။ မြန်မာ နေရှင်နယ်လိဂ်ရဲ့ အသင်းကြီးတစ်သင်းလို့ ဆိုရမယ့် ဧရာဝတီအသင်းရဲ့ တိုက်စစ်မှူးဖြစ်တဲ့ အောင်ကောင်းမာန်ဟာ ယခုနှစ် ဘောလုံးရာသီမှာတော့ ထိုင်းလိဂ်၁ အသင်းဖြစ်တဲ့ Trat FC အသင်းထံကို တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့နေပြီး လစာအဖြစ် ဘတ်ငွေ ၁ သိန်းနဲ့အတူ နေထိုင်ဖို့ အိမ်တစ်လုံး ၊ အသွားအလာ အတွက် ကားတစ်စီးလည်း ရရှိထားသူ ဖြစ်ကာ Trat FC အတွက်လည်း ခြေစွမ်းပြ ကစားပေးထားနိုင်တယ်လို့ သိရပါတယ်။

Photo Credit: Aung Kaung Mann Account

အသက်၂၂နှစ်အရွယ် အောင်ကောင်းမာန်ဟာ ပုသိမ်အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားတစ်ဦး ဖြစ်ပြီး မြန်မာ ယူ၂၂အသင်းမှာ ကစားစဉ်မှာ အထောင်တိုက်စစ်မှူး တစ်ဦး အဖြစ် ကစားခဲ့ရပေမယ့် Trat FC အတွက် ကစားပေးရချိန်မှာတော့ No.10 Role ၊ Flase 9 စတဲ့ ကစားကွက်ဖန်တီးသူ နေရာမှာ ကစားပေးနေရပါတယ်။ လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုတွေကြောင့် ထိုင်းလိဂ်ပွဲတွေကို ရပ်နားထားခဲ့ရပေမယ့် အောင်ကောင်းမာန်ဟာ လေ့ကျင့်ခန်းတွေကို စဉ်ဆက်မပြတ် လုပ်နေကြောင်း သိရှိရပြီး သူ့ရဲ့တိုးတက်မှုအတွက် Trat FC ရဲ့ လေ့ကျင့်ရေးကွင်းဆီ နေ့တိုင်းလိုလို သွားရောက်ကာ လေ့ကျင့်မှုတွေ ပြုလုပ်နေကြောင်း သိရှိရပါတယ်။

Photo Credit: Aung Kaung Mann Account

မြန်မာနိုင်ငံသား ဘောလုံးအေးဂျင့်တစ်ဦး ဖြစ်တဲ့ ကိုရဲနောင်ဝင်း(Myanmar Senior Agent)ရဲ့ Account ကနေ ရေးသားဖော်ပြမှုတွေအရ အောင်ကောင်းမာန်ဟာ လက်ရှိမှာ လေ့ကျင့်ခန်းတွေကို အဆက်မပြတ် လုပ်ဆောင် နေသလို သူ့ရဲ့ Facebook Account မှာ တင်ထားတဲ့ Video တွေကို ကြည့်မိတဲ့ တူရကီ အေးဂျင့်တစ်ဦးဟာ အောင်ကောင်းမာန်ရဲ့ အကြောင်းကို လာရောက် စုံစမ်းခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ တူရကီအေးဂျင့်ဟာ တူရကီ လိဂ်၁နဲ့ လိဂ်၂အသင်းတွေ အတွက် နိုင်ငံ လက်ရွေးစင်အဆင့် ကစားသမားတွေကို ရှာဖွေ နေတဲ့ အေးဂျင့်တစ်ဦး ဖြစ်ပြီး အောင်ကောင်းမာန်ရဲ့ Player Profile ကိုလည်း တူရကီ ကလပ်အသင်းတွေဆီကို ပို့ဆောင်ကာ တူရကီ အသင်းတွေနဲ့ ချိတ်ဆက်ပေးမယ်လို့ ပြောဆိုခဲ့ကြောင်း သိရှိရပါတယ်။ လေ့ကျင့်မှုတွေကို အဆက်မပြတ် လုပ်ဆောင်နေသလို ခြေစွမ်းခြေစလည်း ရှိတာကြောင့် မြန်မာ့လက်ရွေးစင် အသင်းအတွက် အားကိုးရတဲ့ ကစားသမား တစ်ဦး ဖြစ်လာပါစေ အောင်ကောင်းမာန်ရေ…။