ပြင်သစ် အင်အားကြီး အသင်း ဖြစ်တဲ့ လိုင်ယွန်အသင်းရဲ့ ဥက္ကဌ ဖြစ်သူ အူလက် ကတော့ သူတို့ အသင်းရဲ့ ပြင်သစ် ကွင်းလယ်လူ ဖြစ်တဲ့ ဟူဆန် အာဝါကို ခေါ်ယူချင်ပါက ပေးချေရမယ့် ပြောင်းရွှေ့ကြေး ကို အင်တာဗျူး တစ်ခုမှာ တရားဝင် ပြောကြား သွားခဲ့ပါတယ်။ အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် ကွင်းလယ်လူ ဟူဆန် အာဝါကို ခေါ်ယူဖို့ အတွက် လက်ရှိမှာ ပရီးမီးယားလိဂ် နာမည်ကြီး အသင်း ဖြစ်တဲ့ အာဆင်နယ် အသင်းက စိတ်ဝင်စား နေပြီး အာဆင်နယ် အသင်းဟာ အာဝါနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီး ဖြစ်တာကြောင့် လက်ရှိအချိန်မှာ လိုင်ယွန်အသင်းနဲ့ သဘောတူညီမှု ရရှိဖို့သာ လိုအပ်ပါတော့တယ်။

Photo Credit: Sky Sports

အာဆင်နယ် အသင်းဟာ အာဝါကို ၂၀၂၅ ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုဖို့ ကမ်းလှမ်း ထားပြီး အာဝါဘက်ကလည်း အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ဖို့ သဘော တူထားပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်း ဟာ အာဝါအတွက် လိုင်ယွန်အသင်းနဲ့ သဘော တူညီမှု မရရှိသေးပဲ အာဝါအတွက် တရားဝင် ကမ်းလှမ်းမှု နှစ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် လိုင်ယွန်အသင်းဘက်က ကမ်းလှမ်းမှု နှစ်ခုစလုံးကို ပယ်ချ ထားခဲ့ပါတယ်။ ပြင်သစ် အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရတော့ အာဆင်နယ် အသင်း ဟာ အာဝါအတွက် ပထမတစ်ကြိမ်မှာ ယူရို ၃၅ သန်း ၊ ဒုတိယတစ်ကြိမ်မှာ ယူရို ၃၈ သန်းဆိုတဲ့ ပမာဏနဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်တယ် လို့ သိရှိရပါတယ်။

Photo Credit: Sky Sports

လက်ရှိမှာတော့ လိုင်ယွန်အသင်းရဲ့ ဥက္ကဌ ဖြစ်သူ အူလက်က အာဝါရဲ့ အပြောင်းအရွှေ့ အတွက် ဖွင့်ဟ ပြောကြား လာခဲ့ပြီး အာဆင်နယ်အသင်းရဲ့ အာဝါအတွက် ကမ်းလှမ်းမှုတွေဟာ အရမ်းကို နည်းပါးလွန်း နေကြောင်း ပြောကြား သွားခဲ့ပါတယ်။ အူလက်က ” အာဝါအတွက် အာဆင်နယ် အသင်းရဲ့ ကမ်းလှမ်းမှုဟာ အတော်ကို နည်းပါတယ်။ သူတို့ရဲ့ ကမ်းလှမ်းမှုက အာဝါရဲ့ အပြောင်းအရွှေ့ အတွက် ကျွန်တော်တို့ဘက် က စဉ်းစားစရာတောင် မလိုတဲ့ ပမာဏ ဖြစ်နေပါတယ် ” ဆိုပြီး ပြောကြား သွားခဲ့ပါတယ်။ အဲ့ဒီ အင်တာဗျူးမှာပဲ သတင်းထောက် ဖြစ်သူက အာဝါအတွက် ယူရို ၄၀ သန်း ၊ ယူရို ၅၀ သန်း ၊ ယူရို ၆၀ သန်း ဆိုတဲ့ ပမာဏမှာ ဘယ်လောက် လိုချင်လဲ ဆိုပြီး မေးမြန်း ခဲ့ရာမှာတော့ အူလက်က ယူရို ၄၀ သန်းကျော်တဲ့ ပမာဏ တစ်ခုကို လိုချင်ကြောင်း ဖြေဆို သွားခဲ့ပါတယ်။