MySport Myanmar

လန်ဒန် ကနေ ဘာဆာဆီ တဖန် ပြန်လာဦးမည့် အူဘာမီယန်း

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား ပီယာအန်းမရစ်ခ်အူဘာမီယန်းက လာမယ့်နွေမှာ သူ့အသင်းဟောင်း ဘာစီလိုနာဆီ ပြန်သွားဖို့ ဆန္ဒရှိနေပြီး ဘာစီလိုနာကလည်း အူဘာကို back-up ကစားသမားအဖြစ် အသုံးပြုဖို့အတွက် ပြန်လည် ခေါ်ယူသွားချင်နေတယ်လို့ သိရပါတယ်။

Photo Credit : Sky Sports

ဒေါ့မွန် နဲ့ အာဆင်နယ် ကစားသမားဟောင်း အူဘာမီယန်းဟာ အခုနှစ် ဘောလုံးရာသီ အစပိုင်းမှာပဲ ဘာစီလိုနာကနေ ချယ်လ်​ဆီးအသင်းဆီ ပေါင် (၁၀)သန်းနဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို တစ်ကျော့ပြန် ရောက်ရှိလာခဲ့တဲ့ အူဘာမီယန်းဟာ လန်ဒန် အခြေစိုက် အသင်းမှာပဲ ကစားခဲ့ရပေမယ့် အာဆင်နယ်မှာတုန်းကလိုမျိုး ခြေစွမ်းပြသနိုင်ခြင်း မရှိတော့ပဲ ပွဲထွက်ခွင့်လည်း နည်းပါးလာခဲ့ရသလို ကစားခွင့်ရတဲ့ ပွဲတွေမှာလည်း ခြေစွမ်းပြဖို့ ရုန်းကန်နေရပါတယ်။

Photo Credit : The Pride of London

ချယ်လ်ဆီးအသင်းရဲ့ နောက်ဆုံးကစားခဲ့တဲ့ (၁၀)ပွဲအတွင်း စုစုပေါင်း (၂၄)မိနစ်သာ ကစားခွင့် ရထားခဲ့ပြီး ပွဲအများစုမှာ အသုံးပြုမခံရတဲ့ အရန်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရသူ အူဘာမီယန်းဟာ ဒီရာသီအကုန်မှာ ချယ်လ်ဆီးနဲ့ လမ်းခွဲဖို့ ဆန္ဒရှိနေပါတယ်။ ဒီလို အခြေအနေတွေနဲ့ ကြုံတွေ့နေရတဲ့ အူဘာမီယန်းက ချယ်လ်ဆီးကနေ ထွက်ခွာပြီး အသင်းဟောင်း ဘာစီလိုနာဆီသာ ပြန်သွားချင်နေသလို ဘာစီလိုနာကလည်း သူတို့ ကစားသမားဟောင်းကို ပြောင်းရွှေ့ကြေး အနည်းငယ်လေးနဲ့ ပြန်လည် ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit : SPORT

ချယ်လ်ဆီးကလည်း ပိုင်ရှင်သစ် တော့ဒ်ဘိုလေ လက်ထက် အူဘာမီယန်း အပါအဝင် ကစားသမားသစ်များစွာအတွက် အပြောင်းအရွှေ့စရိတ်ပေါင်းများစွာ သုံးစွဲထားခဲ့တာကြောင့် လာမယ့်နွေမှာ အသင်းနဲ့ အံ့မဝင်တဲ့ ကစားသမားတွေကို ပြန်လည် ရှင်းထုတ်ရဖို့ ရှိနေပြီး အူဘာကိုလည်း ပြန်လည် ရောင်းချရနိုင်ပါတယ်။ တစ်ဖက်က ဘာစီလိုနာအသင်းဟာလည်း ဈေးကွက် ဖွင့်ချိန်မှာ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကြောင့် ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ ရရှိမယ့် ဒါမှမဟုတ် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မယ့် ကစားသမားတွေကိုသာ ပိုမို ပစ်မှတ်ထားနေပြီး မက်ဆီ အပါအဝင် ဖာမီနို သူရမ်တို့ကို ခေါ်ယူသွားဖို့ ချိန်ရွယ်နေပါတယ်။

Exit mobile version