အာဆင်နယ် အသင်းအနေနဲ့ စနေနေ့ညမှာ ကစားမယ့် မန်ချက်စတာယူနိုက်တက် နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း အသင်းရဲ့ တိုက်စစ်ကစားသမား ဖြစ်သူ ပျယ်-အမ်းမရစ်ခ် အူဘာမီယန် မပါဘဲ ရင်ဆိုင် ကစားသွားရဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဂါဘွန်း လက်ရွေးစင် ကစားသမားဖြစ်သူ အူဘာမီယန် ဟာ မိခင်ဖြစ်သူ ဖျားနာဝေဒနာ ခံစားနေရတာကြောင့် အနီးကပ် စောင့်ရှောက်ဖို့ အတွက် သူ့ရဲ့ အိမ်ကို ပြန်သွားတာကြောင့် အာဆင်နယ် အသင်း နောက်ဆုံး ကစားထားခဲ့တဲ့ ပွဲစဉ်တွေဖြစ်ကြတဲ့ ဆောက်တမ်တန် အသင်းနဲ့ အက်ဖ်အေ ဖလားပွဲစဉ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တို့ကို လွဲချော်ထားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Express

အူဘာမီယန် အနေနဲ့ ဗုဒ္ဓဟူးနေ့က သူ့ရဲ့ ဆိုရှယ်မီဒီယာ အကောင့်ဖြစ်တဲ့ တွစ်တာ မှာ အဆိုပါ ပွဲစဉ်တွေကို ဘာလို့ မပါဝင်နိုင်ခဲ့တာလဲ ဆိုတဲ့ အကြောင်း ရှင်းပြခဲ့ပြီးတော့ သူ့ရဲ့ မိခင်ဖြစ်သူ အနေနဲ့ ပြန်လည် သက်သာစပြုလာပြီ ဖြစ်ကြောင်း ရေးသားခဲ့ပါတယ်၊ ထို့အတွက်ကြောင့် ပရိသတ်တွေ အနေနဲ့ စနေနေ့ပွဲမတိုင်ခင် အချိန်မှီ အူဘာမီယန် တစ်ယောက် ပြန်လာနိုင်လိမ့်မယ်ဆိုပြီး မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လန်ဒန်အခြေစိုက် ဘောလုံး သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ စနေနေ့ပွဲစဉ်က အူဘာမီယန် အတွက် အချိန်ရဖို့ စောလွန်းနေပြီးတော့ ကစားသမားအနေနဲ့ အနည်းဆုံး နောက်ထပ်တစ်ပွဲ လွဲချော်ဖို့ ရှိနေတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

Photo Credit: Express

အာဆင်နယ် အသင်းရဲ့ နည်းပြ ဖြစ်သူ မိုက်ကယ် အာတီတာ ကို သတင်းထောက်တွေက အူဘာမီယန် မပါဝင်နိုင်တာနဲ့ ပတ်သက်ပြီး မေးတဲ့အခါမှာတော့ အခုလိုပဲ ပြန်လည် ဖြေကြားခဲ့ပါတယ်။ “ ဟုတ်ပါတယ်၊ သူက ကျွန်တော်တို့ရဲ့ ကပ္ပတိန် တစ်ဦးဖြစ်ပြီးတော့ အရေးပါတဲ့ ကစားသမားတွေထဲက တစ်‌ယောက် ပါပဲ။ သူ တတ်နိုင်သမျှ မြန်မြန်ပြန်လာနိုင်ဖို့ အတွက် ကျွန်တော်တို့ အနေနဲ့ အရာအားလုံးကို လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ မိသားစုကို စောင့်ရှောက်နေရတာ ဖြစ်တဲ့ အတွက် ခက်ခဲတဲ့ နေ့ရက်တွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကို ကျွန်တော်တို့ နားလည်ပေးရပါမယ်။ သူ အသင်းကနေ ခန ဝေးကွာဖို့ လိုအပ်နေတဲ့ အချိန်နဲ့ အတူ ကျွန်တော်တို့က သူ့ကို ကူညီထောက်ပံ့ဖို့ ဒီမှာ အသင့်ရှိနေကြပါတယ် ” လို့ ဖြေကြားခဲ့ပါတယ်။ နည်းပြ အာတီတာ အနေနဲ့ ယူနိုက်တက် နဲ့ ပွဲစဉ်မှာ အူဘာမီယန် ကို လက်လွှတ်ရမှာ ဖြစ်တာကြောင့် တိုက်စစ်ပိုင်း အနည်းငယ် အားလျော့သွားနိုင်တဲ့ အနေအထားမှာ ရှိနေပေမယ့်လည်း အခြားနေရာစုံ ကစားသမားတွေ ဖြစ်ကြတဲ့ သောမတ်စ်ပါတေး၊ အမ်မလီ စမစ်ရိုဝီ နဲ့ ကီရန် တီယာနေး တို့ သုံးဦးလုံး လေ့ကျင့်‌ခန်းပြန်ဆင်းနိုင်နေပြီ ဖြစ်တာကြောင့် အာတီတာ အတွက် အနည်းငယ် အသက်ရှုချောင်စေတယ်လို့ ဆိုရပါမယ်။