ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတွေထဲက တစ်သင်း ဖြစ်တဲ့ အာဆင်နယ် အသင်းရဲ့ အသင်း ခေါင်းဆောင်လည်း ဖြစ် ၊ အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ အူဘာမီယန်း ကတော့ လက်ရှိ အချိန်မှာ သူတို့ အသင်းရဲ့ အဓိက ပစ်မှတ် ကစားသမား ဖြစ်တဲ့ လိုင်ယွန်အသင်း ရဲ့ ကွင်းလယ်လူ အာဝါကို အာဆင်နယ် အသင်း ထံ လာရောက် ကစားဖို့ ဖိတ်ခေါ် သွားခဲ့ပါတယ်။ အာဆင်နယ် အသင်းဟာ သူတို့ အသင်းရဲ့ ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့ အတွက် လိုင်ယွန်အသင်းရဲ့ အသက် ၂၂ နှစ် အရွယ် ကွင်းလယ်လူ ဟူဆန် အာဝါကို ခေါ်ယူဖို့ ကြိုးစား နေတဲ့ အသင်း ဖြစ်ပြီး လက်ရှိမှာ အာဝါကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိ ထားပြီးပြီ လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်။

Photo Credit: Football London

ဒါပေမယ့် အာဆင်နယ် အသင်းဟာ အာဝါ အတွက် လိုင်ယွန်အသင်းနဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းရာမှာ အနည်းငယ် အခက်တွေ့ နေပြီး အာဝါ အတွက် အာဆင်နယ်ရဲ့ တရားဝင် ကမ်းလှမ်းမှု နှစ်ကြိမ်စလုံး ကို လိုင်ယွန်အသင်း က ပယ်ချထားတယ် လို့ လိုင်ယွန် အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက် တစ်ဦးက ဖွင့်ဟ ထားခဲ့ပါတယ်။ ယနေ့ မနက်မှာ ရရှိထားတဲ့ သတင်းတွေ အရတော့ အာဆင်နယ် အသင်းဟာ အာဝါအတွက် ပြောင်းရွှေ့ကြေးကို တိုးမြှင့်ကာ ကမ်းလှမ်းတော့မှာ ဖြစ်ပြီး ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၃၆.၅ သန်း + အပိုဆုကြေး ပေါင် ၁၀ သန်း ပမာဏနဲ့ ကမ်းလှမ်းမယ် လို့ သိရှိ ရပါတယ်။ ပြင်သစ် အခြေစိုက် သတင်းတွေရဲ့ ဖော်ပြချက် အရ လိုင်ယွန်အသင်းဟာ အာဝါ အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေးကို ပေါင် ၅၀ သန်း ဝန်းကျင် ရရှိလိုနေကြောင်း သိထား ရတာကြောင့် အာဆင်နယ် အသင်းရဲ့ ကမ်းလှမ်းမှုကို လိုင်ယွန် အသင်းအနေနဲ့ သဘောကျ လက်ခံနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။

Photo Credit: Football London

အူဘာမီယန်း ကတော့ အင်တာဗျူး တစ်ခုမှာ ဟူဆန် အာဝါဟာ ကစားသမားကောင်း တစ်ဦး ဖြစ်ကြောင်း ချီးကျူး ပြောဆို သွားခဲ့ပြီး သူ့လို ကစားသမားမျိုးနဲ့ အတူ တွဲကစားချင်ကြောင်း ပြောကြား သွားပါတယ်။ အာဝါနဲ့ ပတ်သတ်ပြီး အူဘာမီယန်းက ” သူက အရမ်းကောင်းတဲ့ ကစားသမား တစ်ဦးပါ။ ဒီလို ကစားသမားမျိုးကို အသင်းမှာ ပိုင်ဆိုင်တဲ့ အထိ ကျွန်တော်တို့ ကံကောင်းလိမ့်မယ် လို့ ကျွန်တော် မျှော်လင့် ထားပါတယ်။ သူဟာ ကျွန်တော်တို့ အသင်း အတွက် ကောင်းမွန်တဲ့ အရာတွေ ယူဆောင် လာမယ်ဆိုတာ ကျွန်တော် သေချာ ပြောနိုင်ပါတယ် ” ဆိုပြီး ပြောပြ သွားခဲ့တာပါ။ အာဆင်နယ် အသင်းဟာ လာကာဇက် ၊ ပေပေ ၊ ဆာလီဘာ ၊ ဂါဘရီရယ် စတဲ့ ကစားသမားတွေကို ပြင်သစ် လီဂူးဝမ်း ပြိုင်ပွဲကနေ ခေါ်ယူ ထားတဲ့ အပြင် လက်ရှိမှာ အာဝါကိုပါ ထပ်မံ ခေါ်ယူဖို့ ကြိုးစား နေတာကြောင့် ပြင်သစ်လီဂူးဝမ်း ပြိုင်ပွဲဟာ အာဆင်နယ်ရဲ့ ကစားသမား စုဆောင်းရေး နယ်မြေ ဖြစ်နေပြီလား လို့တောင် သံသယ ဝင်မိပါရဲ့ဗျာ…။