လာမယ့် တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ရဲ့ Super Sunday ပွဲကြီးပွဲကောင်းအဖြစ် ချယ်လ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ လန်ဒန်ဒါဘီပွဲစဉ် ရှိနေပြီး တချိန်က အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင်ပါ ဖြစ်ခဲ့ဖူးတဲ့ တိုက်စစ်ကစားသမား အူဘာမီယန်းက သူ့အသင်းဟောင်းနဲ့ ပြန်လည် ရင်ဆိုင်ရတော့မှာဖြစ်ပြီး အသင်းဟောင်းကိုလည်း သတိပေးစကားတွေ ပြောဆိုလိုက်ပါတယ်။

Photo Credit : Football London

ဂါဘွန်လက်ရွေးစင် တိုက်စစ်မှူး အူဘာမီယန်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဆောင်းဈေးကွက်မှာပဲ အာဆင်နယ်ကို စွန့်ခွာပြီး ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် ဒီနှစ်နွေမှာပဲ ချယ်လ်ဆီးအသင်းဆီ ရောက်ရှိလာခဲ့ကာ ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန် ရောက်လာခဲ့ပါတယ်။ အခုဆိုရင်တော့ အူဘာမီယန်းဟာ သူ (၄)နှစ်ခွဲနီးပါးလောက် ကျင်လည်ခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်မှာ ပြန်လည် ရင်ဆိုင်ရတော့မှာဖြစ်ပြီး ဒီလို ဆုံတွေ့ချိန်မှာ သူ့ အသင်းဟောင်းအပေါ် ညှာတာသွားမှာ မဟုတ်ကြောင်း သတိပေး ပြောကြားလိုက်ပါတယ်။

Photo Credit : talkSPORT

“အာဆင်နယ်။ personal တွေ မပါဘူး။ ငါ ပြန်လာပြီ။ ငါက အပြာရောင်ပဲ။ ငါ အဆင့်သင့် ဖြစ်နေပြီ” ဆိုပြီး ဗြိတိန်ရဲ့ နာမည်ကြီး အားကစားမီဒီယာကြီးဖြစ်တဲ့ BT Sport မှာ ရိုက်ကူးခဲ့တဲ့ ပရိုမိုးရှင်းဗီဒီယိုထဲမှာ အူဘာမီယန်းက သတိပေး ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာ အူဘာမီယန်းရဲ့ အသင်းဟောင်း အာဆင်နယ်က ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အတော်လေးကို ခြေစွာနေပြီး အမှတ်ပေးဇယားမှာလည်း ထိပ်ဆုံးနေရာကနေ ရပ်တည်လျက် ရှိနေပါတယ်။ အူဘာရဲ့ လက်ရှိကလပ် ချယ်လ်ဆီးကတော့ ပြီးခဲ့တဲ့ weekend မှာ နည်းပြဂရေဟမ်ပေါ်တာရဲ့ အသင်းဟောင်း ဘရိုက်တန်ကို ဂိုးပြတ်နဲ့ အရေးနိမ့်ထားခဲ့ရပြီး အာဆင်နယ်အသင်းနဲ့လည်း (၁၀)မှတ်အထိကို ကွာဟလျက် ရှိနေပါတယ်။ ဒါပေမယ့် လန်ဒန်အခြေစိုက် အသင်းနှစ်သင်းရဲ့ထိပ်တိုက် တွေ့ဆုံမှုက အကြိတ်အနယ်ရှိမှာ သေချာနေသလို ဒီရာသီမှာ အတော်လေးကို ပုံစံကောင်းပြသနေတဲ့ အာဆင်နယ်အတွက်ကလည်း ကြီးမားတဲ့ စမ်းသပ်မှုတစ်ခု ဖြစ်လာနိုင်ပြီး အူဘာအနေနဲ့ကလည်း သူ့အသင်းဟောင်းကို ဒုက္ခပေးသွားနိုင်မလားဆိုတာ စိတ်လှုပ်ရှားဖို့ ကောင်းနေရပါတယ်။