ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်း ဖြစ်တဲ့ အာဆင်နယ် အသင်းရဲ့ အသင်းခေါင်းဆောင် လည်းဖြစ် ၊ အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ အူဘာမီယန်း ကတော့ အာဆင်နယ် အသင်းနဲ့အတူ အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ချင်နေကြောင်း အင်တာဗျူး တစ်ခုမှာ ဖွင့်ဟ သွားခဲ့ပါတယ်။ အသက် ၃၁ နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဂါဘွန် တိုက်စစ်မှူး အူဘာမီယန်းဟာ မကြာသေးမီကမှ အာဆင်နယ် အသင်းနဲ့အတူ ၂၀၂၃ ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်သစ် တစ်ရပ် ချုပ်ဆို ထားသူ ဖြစ်ပြီး အာဆင်နယ် အသင်းရဲ့ လက်ရှိ နည်းပြ အာတီတာရဲ့ လက်အောက်မှာ ကစားရတာကို ပျော်ရွှင်နေသူ တစ်ဦးပါ။

Photo Credit: Sky Sports

အာဆင်နယ် အသင်းဟာ ၂၀၀၄ ခုနှစ်မှာ ရှုံးပွဲမရှိ စံချိန်နဲ့ ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်ခဲ့ အပြီးမှာ လက်ရှိ အချိန်အထိ ပရီးမီးယားလိဂ် ဖလားကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိတော့သလို နောက်ဆုံးနှစ်တွေမှာ ဆိုရင် ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့် ရဖို့တောင် ရုန်းကန် ခဲ့ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီ အကုန်မှာ အာဆင်နယ် အသင်းဟာ အသင်းရဲ့ နည်းပြသစ် အဖြစ် ကစားသမားဟောင်း အာတီတာကို ခန့်အပ် အပြီးမှာတော့ ရလဒ်ကောင်း တချို့ ရရှိလာသလို အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်း တို့ကိုလည်း အချိန်တို အတွင်းမှာ ရရှိခဲ့ကြပါတယ်။ ဒါ့ကြောင့် အာတီတာရဲ့ လက်အောက်မှာ အာဆင်နယ် အသင်းအနေနဲ့ ပရီးမီးယားလိဂ် ဖလားကို ပြန်လည် ရရှိနိုင်လိမ့်မယ် လို့ ယုံကြည်သူတွေ ရှိလာကြပါတယ်။

Photo Credit: Sky Sports

လက်ရှိ အာဆင်နယ် အသင်းရဲ့ အသင်းခေါင်းဆောင် အူဘာမီယန်း က​တော့ သူ့အနေနဲ့ ပရီးမီးယားလိဂ် ဖလားကို ရရှိဖို့ မျှော်လင့်ထားကြောင်းနဲ့ ရရှိဖို့ အတွက် ကြိုးစား သွားမယ် လို့ ဆိုလာပါတယ်။ ပရီးမီးယားလိဂ် ဖလားကို ရရှိဖို့ မျှော်လင့်ထားပုံကို အူဘာမီယန်းက ” ပရီးမီးယားလိဂ် ဖလားကို ရရှိဖို့ မျှော်လင့် ထားပါတယ်။ ကျွန်တော့် အထင် ဒီမေးခွန်းက အရမ်းကို ဖြေဖို့ လွယ်ကူလွန်းပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်က အသင်းရဲ့ ဂန္တဝင် ကစားသမား ဖြစ်လာဖို့ ပရီးမီးယားလိဂ် ဖလားကို လိုအပ်ပါတယ်။ ပြီးတော့ အမှန်တကယ် ဖြစ်လာအောင်လည်း ကြိုးစား သွားမှာပါ။ လက်ရှိမှာတော့ အသင်းရဲ့ ဂန္တဝင် ကစားသမားတွေနဲ့ ကျွန်တော် က အများကြီး ကွာခြား နေပါသေးတယ်။ ဒါပေမယ့် ကျွန်တော်က သူတို့နဲ့ တူညီတဲ့ အဆင့်ကို ရောက်လိမ့်မယ် လို့ မျှော်လင့် ထားပါတယ် ” ဆိုပြီး ဖြေကြား သွားခဲ့တာပါ။ ယနေ့ညမှာတော့ အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံ လီဗာပူးအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး အာဆင်နယ် အသင်းအနေနဲ့ အန်ဖီးလ်ကွင်းမှာ ရလဒ်ကောင်း တစ်စုံတစ်ရာ ရရှိလာမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့် သွားရမှာပဲ ဖြစ်ပါတယ်။