ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ တိုက်စစ်မှူး တဦး ဖြစ်သူ အူဘာမီယန်းက သူဟာ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ချယ်လ်ဆီးနဲ့ စာချုပ်ဖျက်သိမ်းကာ အသင်းဟောင်း ဘာစီလိုနာဆီ ပြန်လည် ပြောင်းရွှေ့ချင်နေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် ဂါဘွန်ကြယ်ပွင့် တိုက်စစ်မှူး အူဘာမီယန်းက ယခုနှစ် ရာသီအစကမှ ဘာစီလိုနာ ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၁၂သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အူဘာမီယန်းဟာ ချယ်လ်ဆီးနဲ့ ၂၀၂၄ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: The Times

အူဘာမီယန်းက သူ့ရဲ့ ဆရာဟောင်း တူဟယ်လ်နဲ့ ပြန်လည် လက်တွဲဖို့ အတွက် ချယ်လ်ဆီးထံ ပြန်လည် ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပေမယ့် သူ ရောက်ပြီး မကြာခင်မှာပဲ ချယ်လ်ဆီးက တူဟယ်လ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာကြောင့် အူဘာမီယန်းဟာ ချယ်လ်ဆီးမှာ မျှော်မှန်းထားသလို ကစားခွင့် မရခဲ့ပါဘူး။

အူဘာမီယန်းက ဂရေဟမ် ပေါ်တာနဲ့ လမ်းပတ်တို့ရဲ့ လက်အောက်မှာ ကစားခွင့် ရဖို့ ရုန်းကန်ခဲ့ရပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီးအတွက် ၉၆၀မိနစ်သာ ပါဝင် ကစားခွင့် ရထားရာ သွင်းဂိုး ၃ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

အူဘာမီယန်းက ချယ်လ်ဆီးမှာ ကစားခွင့် မရတာကြောင့် လာမယ့် နွေဈေးကွက် အတွင်းမှာပဲ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီး အူဘာမီယန်းရဲ့ အသင်းဟောင်း ဘာစီလိုနာက အူဘာမီယန်းကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: Telegraph

ဒါပေမယ့် ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံနေရတဲ့ ဘာစီလိုနာက အူဘာမီယန်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရမှသာ ပြန်လည် ခေါ်ယူသွားမှာ ဖြစ်ပြီး လက်ရှိမှာတော့ အူဘာမီယန်းက ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ သူ့ရဲ့ စာချုပ်ကို ဖျက်သိမ်းပေးဖို့ ဆွေးနွေးနေပါတယ်။

အူဘာမီယန်းက လာမယ့် နွေရာသီမှာ ဘာစီလိုနာဆီ ပြန်လည် ပြောင်းရွှေ့ဖို့ ကြိုးစားနေကြောင်းကို ​နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။ အူဘာမီယန်းက – “ကျွန်တော်က ဘာစီလိုနာဆီ ပြန်ချင်ပါတယ်။ အခုလည်း အဲ့အတွက် ဆွေးနွေးမှုတွေ လုပ်ထားပါတယ်။ ဘာတွေဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်ကြတာပေါ့” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။