အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် အဓိကတိုက်စစ်ကစားသမားဖြစ်သူ အူဘာမီယန်းက ဒီတစ်ပတ်မှာ သူတို့ရဲ့ မြို့ခံပြိုင်ဘက် စပါးအသင်းနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၁၁) လန်ဒန်ဒါဘီပွဲစဉ်အတွင်း သူတို့အသင်းသာ ရလဒ်ကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်မယ်ဆိုရင် ဒါဟာ အသင်းအတွက် တစ်ဆစ်ချိုး အလှည့်အပြောင်းဖြစ်သွားနိုင်ပြီး အသင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာမှာလည်း ပိုမိုအားကောင်းလာနိုင်လိမ့်မယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

Photo Credit : Goal

အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာတော့ အုပ်စုအတွင်း (၅)ပွဲဆက်တိုက် နိုင်ပွဲဆက်လို့ နောက်တစ်ဆင့်ကို စောစောစီးစီးပဲ တတ်လှမ်းနိုင်ခဲ့ပေမယ့်လည်း ပြည်တွင်းပြိုင်ပွဲတစ်ခုဖြစ်တဲ့ ပရီးမီးယားလိဂ်မှာတော့ (၃၉)နှစ်ကာလအတွင်း အဆိုးရွှားဆုံး အခြေအနေကို ရောက်ရှိလို့နေပြီး (၁၀)ပွဲကစားပြီးနောက် ရှံးပွဲက (၅)ပွဲအထိ ရှိထားခဲ့ကာ သွင်းဂိုးကလည်း (၁၀)ဂိုးသာ ရှိထားခဲ့ပါတယ်။ စုစုပေါင်းရမှတ်(၁၃)မှတ်သာ ရှိထားသေးတဲ့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၁၄)အထိကိုလည်း ရောက်ရှိလို့နေပြီး ထိပ်ဆုံးက စပါးအသင်းနဲ့ (၈)မှတ်အထိကို ကွာဟလို့နေပါတယ်။

Photo Credit : Sky Sports

လာမယ့် Weekend မှာ စပါးအသင်းနဲ့ ရင်ဆိုင်ကစားသွားရမယ့် လန်ဒန်ဒါဘီပွဲစဉ်နဲ့ပတ်သက်ပြီး အူဘာမီယန်းက “ကျွန်တော်က ဒီပွဲစဉ်ကို ဒီရာသီမှာ အသင်းအတွက် အပြောင်းအလဲတစ်ခု ဖြစ်သွားနိုင်တဲ့အထိ ကျွန်တော်တို့လုပ်ဆောင်ရပါလိမ့်မယ်။ ဒီလိုပွဲမျိုးကို အနိုင်ယူပြီးတော့ လက်ရှိအခြေအနေတွေအားလုံးကို ပြောင်းလဲလိုက်ရတာထက် ပိုကောင်းတဲ့ အရာဆိုတော့ မရှိနိုင်လောက်ပါဘူး။ တကယ်လို့ ဒီလိုပွဲမျိုးကို အနိုင်ယူနိုင်ခဲ့မယ်ဆိုရင် အားလုံးရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေက တိုးတတ်ပြောင်းလဲသွားမယ်ဆိုတာကို ကျွန်တော်တို့တွေ သိရှိထားကြပါတယ်။ ဒီဒါဘီပွဲအတွင်း အနိုင်ရခဲ့မယ်ဆိုရင် ကစားသမားတွေ ပရိသတ်တွေနဲ့ အသင်းနဲ့ သက်ဆိုင်သူတွေအားလုံးရဲ့ စိတ်တွေကို မြှင့်တင်နိုင်မှာပါ။ ဒီပွဲက ကျွန်တော်တို့အတွက် ခက်ခဲလွန်းမယ်ဆိုတာကို သိထားပါတယ်။ သူတို့က လတ်တလောမှာ ပုံစံကောင်းတွေ ပြသနေတယ်ဆိုပေမယ့် ကျွန်တော်တို့ကလည်း အခုပွဲကို ဂရုတစိုက်နဲ့ ကစားသွားမှာဖြစ်ပြီးတော့ ဒီပွဲမှာ အနိုင်ရဖို့အတွက်လည်း အားလုံးပေးဆပ်သွားမှာပါ။ နိုင်ပွဲရယူပြီး လက်ရှိအခြေအနေတွေအားလုံးကိုလည်း ပြောင်းလဲသွားမယ်” လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။ အသင်းရဲ့ အဓိကတိုက်စစ်မှူး အူဘာမီယန်းဟာ ဒီနှစ်ရာသီ ပရီးမီးယားလိဂ်မှာ အတော်လေးကို ရုန်းကန်နေရပြီး သွင်းဂိုး(၂)ဂိုးလေးပဲ သွင်းယူထားနိုင်ခဲ့တဲ့အထိ ဂိုးသွင်းခြေကျဆင်းလို့နေပါတယ်။