ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်နဲ့ စာချုပ်ဖျက်သိမ်းပြီး စပိန် လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး အူဘာမီယန်း ကတော့ သူဟာ အာဆင်နယ်ကနေ ထွက်ခွာခဲ့ရလို့ နာကျင်ရကြောင်း အာဆင်နယ် ပရိသတ်တွေကို နှုတ်ဆက်ရင်း ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၂နှစ် အရွယ် ဂါဘွန် လက်ရွေးစင် တိုက်စစ်မှူး အူဘာမီယန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ အထိ အာဆင်နယ်ရဲ့ မရှိမဖြစ် တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပေမယ့်လည်း ယခုနှစ် ဘောလုံးရာသီမှာတော့ အသင်းနဲ့ ပြဿနာ ဖြစ်ခဲ့တာကြောင့် ယခုလိုမျိုး စောစောစီးစီး လမ်းခွဲခဲ့ရတာလည်း ဖြစ်ပါတယ်။

Photo Credit: Daily Mail

အူဘာမီယန်းဟာ သူ့ရဲ့ မိသားစုဝင် တဦး ကျန်းမာရေး ဆိုးရွားနေတာကြောင့် ပြင်သစ်နိုင်ငံဆီ ပြန်သွားခဲ့ပေမယ့် အသင်းဆီ အချိန်မှီ သတင်းပို့ဖို့ ပျက်ကွက်ခဲ့ရာကနေ သူနဲ့ အာဆင်နယ် တာဝန်ရှိသူတွေ ကြားမှာ အဖုအထစ်တွေ ဖြစ်လာခဲ့ပြီး အာဆင်နယ်နည်းပြ အာတီတာကလည်း အူဘာမီယန်းဟာ စည်းကမ်းပိုင်း အားနည်းလွန်းတဲ့ ကစားသမား တဦး ဖြစ်ကြောင်း လူသိရှင်ကြား ဝေဖန်ခဲ့သလို အူဘာမီယန်းကို အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်တဲ့ အထိ ကြီးမားတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

ဒီအချက်တွေကြောင့်ပဲ အူဘာမီယန်းက တပတ် လုပ်ခလစာ ပေါင် ၃သိန်းခွဲ အထိ ရရှိနေတဲ့ အာဆင်နယ်ကို စွန့်ခွာပြီး ဘာစီလိုနာထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ကာ အူဘာမီယန်းက သူဟာ အာဆင်နယ် အတွက် နောက်ဆုံးအချိန် အထိ အပြည့်အဝ ပေးဆပ် ကစားခဲ့ကြောင်း အာဆင်နယ် ပရိသတ်တွေဆီ ပေးပို့ခဲ့တဲ့ နှုတ်ဆက်စာမှာ ရေးသား ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Daily Mail

အူဘာမီယန်းက – “ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ မိသားစုဝင်တွေ အားလုံးကို လန်ဒန်မြို့က ကိုယ့်ရဲ့အိမ်လို ခံစားရအောင် ကူညီပေးခဲ့ကြတဲ့ အာဆင်နယ် ပရိသတ်တွေကို ကျေးဇူးတင်ချင်ပါတယ်။ ကျွန်တော်တို့က ၄နှစ်တာ ကာလတခုလုံး အတက် ၊ အကျပေါင်း များစွာကို အတူတကွ ခံစားခဲ့ကြသလို ခင်ဗျားတို့ရဲ့ အားပေးမှုက ကျွန်တော့်အတွက် အဓိပ္ပါယ် အများကြီး ရှိပါတယ်။ အာဆင်နယ်နဲ့ အတူ ဆုဖလားတွေ ရခဲ့တာ ၊ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့ရတာတွေ အားလုံးကို ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ အမြဲတမ်း သတိတရ ရှိနေမှာပါ။ ကျွန်တော်က အသင်းအတွက် ကစားခွင့် ရတဲ့ အချိန်တိုင်းမှာ ရာနှုန်းပြည့် အာရုံစိုက် ကစားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်က ပရိသတ်တွေကို နှုတ်ဆက်စကားတောင် မပြောလိုက်ရပဲ အသင်းကနေ ထွက်ခွာခဲ့ရပါတယ်။ ဒီအတွက်လည်း နာကျင်ရပါတယ်။ ဒါပေမယ့် ဒါက ဘောလုံးပါပဲ။ ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ် အတွင်းမှာ ကျွန်တော့်ရဲ့ အသင်းဖော်တွေကို မကူညီနိုင်ခဲ့လို့ ကျွန်တော် ဝမ်းနည်းခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ ဘာမှ မရှိပါဘူး။ အာဆင်နယ်အပေါ် လေးစားမှု အပြည့် ရှိတာကြောင့် ကျွန်တော့်ရဲ့ အသင်းဖော်တွေနဲ့ ပရိသတ်တွေ အားလုံး အောင်မြင်မှုတွေ ရရှိကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အချစ်များစွာဖြင့် အူဘာ….” ဆိုတဲ့ နှုတ်ဆက်စာလေးကို ရေးသားရင်း အာဆင်နယ် ပရိသတ်တွေကို နှုတ်ဆက်သွားခဲ့တာပါ။