ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် တစ်ဖြစ်လဲ အားထားရတဲ့ တိုက်စစ်မှူး ဖြစ်တဲ့ အူဘာမီယန်းကတော့ ယမန်နေ့ညမှ ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ နောဝှစ်ချ်အသင်းတို့ရဲ့ ပွဲစဉ်မှာ သွင်းဂိုး နှစ်ဂိုး သွင်းယူခဲ့အပြီးမှာတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲ မှာ သွင်းဂိုး၅၀ပြည့်မြောက် သွားပြီလို့ သိရှိရပါတယ်။ အာဆင်နယ်အသင်းက အိမ်ကွင်း အမ်းမရိတ်မှာ နောဝှစ်အသင်းကို လေးဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်ဟာ ကိုရိုနာ ရောဂါကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွေကို ရပ်နားထားရာမှ ပြန်ကစားခဲ့တဲ့ ပွဲတွေထဲမှာ ခြေစွမ်းအကောင်းဆုံး ဖြစ်ခဲ့တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်သလို တိုက်စစ်ပိုင်းမှာလည်း အူဘာမီယန်း ဟာ အတော်လေး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

Photo Credit: Standard

အူဘာမီယန်းဟာ နောဝှစ်ချ်အသင်းနဲ့ပွဲစဉ် မှာ အသင်းအတွက် အတော်လေးကို ကြိုးစား ကစားပေးသွားပြီး အသင်းအတွက် ဦးဆောင်ဂိုး ကို နောဝှစ်ချ်ဂိုးသမား တင်ကရူးလ်ရဲ့ အမှား ကနေ တဆင့် သွင်းယူပေးနိုင်ခဲ့သလို ဒုတိယ ဦးဆောင်ဂိုး ဖြစ်တဲ့ ဇာကာရဲ့ သွင်းဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း အသင်းအတွက် အနိုင်သေချာစေမယ့် တတိယ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြန်ပါတယ်။ အူဘာမီယန်းဟာ နောဝှစ်ချ်အသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် ဗွေဆော်ဦး သွင်းဂိုးကို သွင်းယူပေးခဲ့ချိန်မှာ ပရီးမီးယားလိဂ် သွင်းဂိုး ၅၀ ဂိုး ပြည့်မြောက် သွားခဲ့သလို အာဆင်နယ်အသင်းရဲ့ သမိုင်းမှာ ပရီးမီးယားလိဂ် ဂိုး၅၀ အမြန်ဆုံး ပြည့်မြောက်ခဲ့တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။

Photo Credit: Standard

အူဘာမီယန်းဟာ အာဆင်နယ်အသင်းဆီကို ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အာဆင်နယ်အသင်းထံ ရောက်ရှိခဲ့အပြီးမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ထိပ်တန်း တိုက်စစ် ကစားသမားတွေထဲက တစ်ဦးဖြစ်ကြောင်း သက်သေ ပြထားနိုင်သူ ဖြစ်ပြီး အသင်းအတွက် ပရီးမီးယားလိဂ်ပွဲ ၇၉ပွဲ ကစားထားရာမှာ သွင်း​ဂိုး ၅၁ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ၇၉ပွဲ ကစားရာမှာ သွင်းဂိုး ၅၀ ပြည့်မြောက်ခဲ့တာကြောင့် အူဘာမီယန်းဟာ အာဆင်နယ်အသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုး၅၀ အမြန်ဆုံး ပြည့်ခဲ့တဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး ဖြစ်တဲ့ အွန်နရီရဲ့ စံချိန်ကို ချိုးဖြတ်ကာ စံချိန်မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ အွန်နရီဟာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၈၃ပွဲ ကစားပြီးချိန်မှာမှ ပရီးမီးယားလိဂ် သွင်းဂိုး၅၀ ပြည့်မြောက်ခဲ့ပါတယ်။