ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် အူဘာမီယန်းဟာ မကြာခင်မှာပဲ အာဆင်နယ် အသင်းမှာ ဆက်ရှိနေမလား ၊ ထွက်သွားတော့မလားဆိုတာကို ဆုံးဖြတ်တော့မယ်လို့ သိရှိရပါတယ်။ အသက်၃၁နှစ်အရွယ် တိုက်စစ်မှူး အူဘာမီယန်းဟာ အာဆင်နယ်အသင်းနဲ့ စာချုပ် သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သူ ဖြစ်ပြီး ယခုအချိန်မှာသာ အသင်းနဲ့အတူ စာချုပ်သစ် မချုပ်ဆိုပါက လာမယ့် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရသွားမှာ ဖြစ်ကာ အာဆင်နယ် အသင်းကတော့ အူဘာမီယန်းသာ စာချုပ်သစ် မချုပ်ဆိုပါက အူဘာမီယန်းကို ရောင်းချသွားဖို့ စဉ်းစားထားပါတယ်။

Photo Credit: Goal

အူဘာမီယန်းဟာ လက်ရှိ ဘောလုံးရာသီ မှာ အာဆင်နယ်အသင်း အတွက် ပြိုင်ပွဲစုံ ၄၃ပွဲအထိ ပါဝင် ကစားပေးထားကာ ၂၇ဂိုး သွင်းယူထားပြီး ၃ဂိုး ဖန်တီးပေးထားနိုင်တဲ့သူ ဖြစ်ပြီး လက်ရှိမှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သစ် ထပ်မံ ချုပ်ဆိုဖို့ မရေမရာ ဖြစ်နေတဲ့ သူ့ကို ခေါ်ယူဖို့ ဥရောပ ထိပ်သီးအသင်း အများစုက စောင့်ကြည့် နေကြပါတယ်။ အာဆင်နယ် အသင်းဘက်က အူဘာမီယန်းကို တစ်ပတ် လုပ်ခ ပေါင် ၂၅၀၀၀၀ ပေးချေမယ် ဆိုတဲ့ ကမ်းလှမ်းချက်နဲ့အတူ စာချုပ်သစ် ကမ်းလှမ်းထားပေမယ့် အူဘာမီယန်းဘက်က အဆိုပါ စာချုပ်နဲ့ ပတ်သတ်ပြီး အကြောင်းပြန်မှုကို မလုပ်သေးပါဘူး။ ယမန်နေ့ညမှာ ကစားခဲ့တဲ့ အာဆင်နယ် အသင်းနဲ့ ဝက်ဖို့အသင်းတို့ရဲ့ ပွဲအပြီးမှာတော့ အူဘာမီယန်းရဲ့ ဖခင်ဖြစ်သူ ပီယာ ဖရမ်ကွက်စ် က အူဘာမီယန်းရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး မကြာခင်မှာ ဆုံးဖြတ်ချက် ချသွားမယ်လို့ အသိ ပေးသွားခဲ့ပါတယ်။

 

Photo Credit: Goal

အူဘာမီယန်းရဲ့ စာချုပ်သစ်ကိစ္စနဲ့ ပတ်သတ် ပြီး ဖရမ်ကွက်စ်က ” ငါ့သားလေးအတွက် ဂုဏ်ယူပါတယ်… Bravo Bravo Bravo။ မင်းက တကယ့်ကို ဂိုးသွင်းကောင်းတဲ့ ကောင်လေးပဲ။ ရာသီတိုင်းမှာ မင်းက မင်းရဲ့ ကျွမ်းကျင်မှုကို ပြသနိုင်ခဲ့တယ်။ ပြီးခဲ့တဲ့ ရာသီမှာလည်း ၂၂ဂိုး သွင်းတယ်။ ဒီရာသီမှာလည်း ၂၂ဂိုး ထပ်သွင်းခဲ့တယ်။ ဒီအတွက် မင်းကို ချီးကျူးရမယ်။ ပြီးတော့ မင်းဟာ ငါ့အတွက် ဂုဏ်ယူစရာတစ်ခုပါ လို့ ထပ်ပြောပါရစေ။ မကြာခင်မှာပဲ မင်းရဲ့ ကစားသမားဘဝနဲ့ ပတ်သတ်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ငါတို့ လုပ်ကြရမယ်။ သူတို့ကတော့ အများကြီး ပြောထားကြတာပေါ့။ ဒါပေမယ့် မင်းနဲ့ ပတ်သတ်ပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေဟာ ငါ့ဆီကနေ လာတာကိုတော့ သူတို့ မသိကြဘူး။ ငါတို့တွေ မကြာခင်မှာပဲ အပြီးသတ် ဆုံးဖြတ်တော့မှာပါ။ ကောင်းကောင်း အနားယူပါ ငါ့ရဲ့ကလေး။ မင်းရဲ့ အဖေက အကျိုးအမြတ်တွေကို ချိန်ဆနေပါတယ်။ ချစ်တယ် ငါ့သားရေ… ” လို့ သူ့ရဲ့အင်စတာဂရမ် အကောင့်ကနေ တဆင့် ရေးသား ဖွင့်ဟသွားခဲ့တာပဲ ဖြစ်ပါတယ်။