ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း တစ်သင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ လာမယ့် အပြောင်းအရွှေ့ရာသီမှာ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူးနှစ်ဦးလို့ ဆိုရမယ့် အူဘာမီယန်းနဲ့ လာကာဇက်တို့ နှစ်ဦးစလုံးကို စပိန် အခြေစိုက်အသင်းတွေ ဖြစ်ကြတဲ့ အက်သလက် တီကိုမက်ဒရစ် အသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ဆီကို လက်လွှတ်ရတော့မယ်လို့ စပိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားခဲ့ကြပါတယ်။ ပြင်သစ်တိုက်စစ်မှူး လာကာဇက်ဟာ အက်သလက်တီကို မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့မှာဖြစ်ပြီး အူဘာမီယန်းကတော့ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့မှာ ဖြစ်ပါတယ်လို့လည်း သတင်းတွေက ဆိုထားကြပြီး အာဆင်နယ်အသင်းနဲ့ နီးစပ်သူတွေကလည်း အဆိုပါသတင်းတွေဟာ မှန်ကန်မှုရှိတယ်လို့ အတည်ပြု ထားကြပါတယ်။

Photo Credit: 90min

90 min သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ အာဆင်နယ်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ အသင်းအတွက် ထိုက်သင့်သလောက် ခြေစွမ်းပြထားနိုင်ခြင်း မရှိတဲ့ တိုက်စစ်မှူး လာကာဇက်ကို အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ သောမက်စ်ပါတေးကို ခေါ်ယူရာမှာ အသုံးချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လတ်တလောမှာလည်း ပါတေးရဲ့ ဖခင်ဖြစ်သူ ဟာ ပါတေးနဲ့အာဆင်နယ်အသင်းတို့ရဲ့ ကြားမှာ ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့ သတင်းတွေဟာ မှန်ကန်တယ်လို့ အတည်ပြုထားခဲ့ပြီး အာဆင်နယ်အသင်းဟာ ပါတေးကို ခေါ်ယူနိုင်ဖို့ လာကာဇက်ကို အလိုက်ပေးရမယ့်အပြင် ငွေသား အနေနဲ့ ယူရို ၁၅သန်း ဝန်းကျင်ကို ထပ်မံ ပေးချေရမယ်လို့ စပိန်သတင်းစာတွေက ဖော်ပြ ထားပါတယ်။

Photo Credit: 90min.com

လက်ရှိရာသီမှာ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားတဲ့ အူဘာမီယန်းကတော့ ပရီးမီးယားလိဂ်မှာ ထိပ်တန်း ခြေစွမ်းတွေကို ပြသထားနိုင်သူ ဖြစ်ပေမယ့် အာဆင်နယ်အသင်းနဲ့ သူနဲ့ကြားမှာ စာချုပ်သက်တမ်းဟာ ၁နှစ်ကျော်သာ ကျန်ရှိတာကြောင့် အာဆင်နယ်အသင်းဟာ အူဘာမီယန်းကို မဖြစ်မနေ ရောင်းချရတော့မှာလို့ အာဆင်နယ်အသင်းနဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရ အာဆင်နယ်အသင်းရဲ့ ဂိုးသွင်းစက်ဖြစ်တဲ့ အူဘာမီယန်းဟာ တစ်ချိန်က သူ့ရဲ့အိမ်မက် အသင်း ဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းထံကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်းနဲ့ အူဘာမီယန်းအတွက် ရီးရဲလ်မက်ဒရစ်အသင်းဟာ အာဆင်နယ် အသင်းထံကို ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းဝန်းကျင် ပေးချေရမယ်လို့လည်း ကြားသိရပါတယ်။