နွေအပြောင်းအရွှေ့ဈေးကွက်ရဲ့ နောက်ဆုံးနေ့ transfer deadline day မှ ဘာစီလိုနာအသင်းကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူး အူဘာမီယန်းဟာ ဒိုင်နမိုဇာဂရက်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ ချယ်လ်ဆီးအတွက် စတင် ပွဲထွက်နိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Detik

တိုက်စစ်ကစားသမားတွေဖြစ်တဲ့ လူကာကူ တီမိုဗာနာတို့ကို သူတို့ရဲ့ ကလပ်အသင်းဟောင်းတွေဆီ ပြန်လည် စေလွှတ်ထားခဲ့တဲ့ ချယ်လ်ဆီးဟာ တိုက်စစ်ပိုင်းအတွက် ရာဟင်စတာလင်ကို စောစောစီးစီး ဖြည့်တင်းခဲ့ပေမယ့် အထောင်တိုက်စစ်နေရာအတွက် မဖြစ်မနေ ခေါ်ယူသင့်တဲ့ no(9)role player ဖြစ်သူ အူဘာမီယန်းကိုတော့ ဈေးကွက်နောက်ဆုံးနေ့မှသာ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းက အူဘာမီယန်းအတွက် ပြောင်းရွှေ့ကြေး ယူရို(၁၂)သန်းဝန်းကျင် အသုံးပြုခဲ့ပြီး (၂)နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit : Bola

အသက်(၃၃)နှစ်အရွယ် ဂါဘွန်လက်ရွေးစင် တိုက်စစ်ကစားသမား အူဘာမီယန်းဟာ ချယ်လ်ဆီးအသင်းဆီ မပြောင်းရွှေ့ခင် သူရဲ့နေအိမ်မှာ ဓါးပြတိုက်ခံရမှုနဲ့ ထိပ်တိုက် ကြုံတွေ့ခဲ့ရပြီး ဒီကိစ္စရပ်ကြောင့် မေးရိုးထိခိုက်သွားခဲ့လို့ သူရဲ့အပြောင်းအရွှေ့ကိုပါ အနည်းငယ် သက်ရောက်ခဲ့ရပေမယ့် နောက်ဆုံးမှာတော့ ချယ်လ်ဆီးအသင်းဆီ အရောက် ပြောင်းရွှေ့လာနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးမှာ ကျိန်စာသင့်နေတဲ့ ကျောနံပါတ်တစ်ခုဖြစ်တဲ့ ကျောနံပါတ်(၉)ကို ဝတ်ဆင်သွားမယ့် အူဘာမီယန်းဟာ ချယ်လ်ဆီးနဲ့ ဝက်စ်ဟမ်းတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်ကို ဝင်ရောက် ဆင်နွဲနိုင်ခြင်း မရှိပေမယ့် ပွဲကြည့်စင်ကနေ အသင်းကို အားပေးသွားခဲ့သလို အခုလည်း အသင်းရဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲဖြစ်တဲ့ ဇာဂရက်အသင်းနဲ့ ပွဲစဉ်အတွက်ကိုလည်း အသင်းနဲ့အတူ ခရိုအေးရှားနိုင်ငံကို လိုက်ပါသွားခဲ့ပြီ ဖြစ်ပါတယ်။ အူဘာမီယန်းဟာ လက်ရှိမှာ မေးရိုးထိခိုက်မှု ရှိထားပြီးတော့ အသင်းနဲ့လည်း training sessions အနည်းငယ်လေးသာ ရှိထားခဲ့ပေမယ့်လည်း အသင်းအတွက် ပါဝင်ကစားပေးဖို့ စိတ်အားထက်သန်နေတဲ့အတွက် ဇာဂရက်နဲ့ ပွဲမှာ စတင် ပါဝင်လာနိုင်တယ်လို့ ချယ်လ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်ကိုယ်တိုင် ပြောဆိုထားခဲ့ပါတယ်။ ဒါ့အပြင် အူဘာမီယန်းလိုပဲ transfer deadline day မှ အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ဆွစ်ဇာလန် ကွင်းလယ်လူ ဇာကာရီယာပါ ဇာဂရက်နဲ့ပွဲမှာ ပွဲထွက်ကစားနိုင်ဖွယ် ရှိတယ်လို့ တူဟယ်လ်က အတည်ပြု ပြောဆိုလိုက်ပါတယ်။