လက်ရှိမှာ ချယ်လ်ဆီးအသင်းကနေ ရောင်းထုတ်ခံရနိုင်တဲ့ ကစားသမားစာရင်းထဲမှာ အပါအဝင် ဖြစ်လို့နေတဲ့ ဂါဘွန် တိုက်စစ် ကစားသမား အူဘာမီယန်းဟာ လတ်တလောမှာတော့ သူ့ကို မာဆေးလ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေရာ အူဘာကိုယ်တိုင်ကလည်း မာဆေးလ်အသင်းဆီ ပြောင်းရွှေ့ဖို့ ပြန်လည် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

Photo Credit : Sky Sports

   အာဆင်နယ် ဘာစီလိုနာ ဒေါ့မွန်တို့ရဲ့ ကစားသမားဟောင်းကြီး အူဘာမီယန်းက ပြီးခဲ့တဲ့ နွေကမှ ဘာစီလိုနာကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လန်ဒန်မြေဆီ တစ်ကျော့ပြန် ရောက်ရှိခဲ့ပေမယ့်လည်း အာဆင်နယ်မှာလို ခြေစွမ်းမျိုးတွေ ပြန်လည် ပြသနိုင်ဖို့ ရုန်းကန်နေရကာ ပွဲထွက်ခွင့်တွေတောင် ပျောက်ဆုံးခဲ့ရပါတယ်။ လက်ရှိမှာတော့ ချယ်လ်ဆီးက အူဘာမီယန်းကို ရောင်းချသွားချင်နေပြီး ဆော်ဒီ ကလပ်အသင်းတွေကလည်း စိတ်ဝင်စားနေပေမယ့် အူဘာကိုယ်တိုင်ကတော့ ဥရောပမှာသာ ဆက်လက် ကျင်လည်ဖွယ် ရှိနေပါတယ်

Photo Credit : Eurosport

   အူဘာမီယန်းကို ဆော်ဒီအသင်းတွေက လုပ်ခလစာ များစွာနဲ့ ကမ်းလှမ်းထားပြီးနောက် မာဆေးလ်အသင်းကလည်း အူဘာမီယန်းကို ပြင်သစ် လီဂူးဆီ ပြန်လည် ခေါ်ဆောင်ဖို့ စိတ်ဝင်စားနေတယ်ဆိုပြီး သတင်းထွက်လာခဲ့ပါတယ်။ အသက် (၃၄)နှစ်အရွယ်ရှိ ဂါဘွန် ကစားသမားကြီး အူဘာမီယန်းဟာ အေစီမီလန်အသင်းနဲ့ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရတာ ဆိုပေမယ့်လည်း ပွဲကစားခွင့်တွေကိုတော့ ပြင်သစ် ကလပ် ဒီယွန်းမှာသာ စတင် ကစားခဲ့ရတာလည်း ဖြစ်ပါတယ်။

Photo Credit : Transfermarket

   ဒီယွန်း လိုင်လီ မိုနာကို စိန့်အက်တီယန် အစရှိတဲ့ ပြင်သစ် လီဂူးကလပ်တွေမှာ ကျင်လည်ခဲ့ဖူးတဲ့ အူဘာမီယန်းဟာ အခုဆိုရင် မာဆေးလ်အသင်းနဲ့အတူ လီဂူးပြိုင်ပွဲဆီ တစ်ကျော့ပြန် ရောက်နိုင်မယ့် အခွင့်အရေး ရှိနေပြီး အူဘာကလည်း မာဆေးလ် ကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိနေလို့ အပြောင်းအရွှေ့ ဖြစ်ပေါ်ဖို့အတွက် မာဆေးလ် နဲ့ ချယ်လ်ဆီးတို့ ညှိနှိုင်းရဖို့ ရှိနေပါတယ်။