MySport Myanmar

ချယ်လ်ဆီးနဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဘာစီလိုနာမှာပဲ ပျော်ရွှင်နေတဲ့ အူဘာမီယန်း

SYDNEY, AUSTRALIA - MAY 25: Pierre-Emerick Aubameyang of FC Barcelona acknowledges the crowd after the match between FC Barcelona and the A-League All Stars at Accor Stadium on May 25, 2022 in Sydney, Australia. (Photo by Jason McCawley/Getty Images)

ချယ်လ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လို့နေတဲ့ ဂါဘွန် တိုက်စစ်ကစားသမားကြီး ပီယာအန်းမရစ်ခ်အူဘာမီယန်းက သူ့အနေနဲ့ လက်ရှိကလပ်အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းမှာ ပျော်ရွှင်နေပြီး အသင်းမှာ တိုက်စစ်ကစားသမားတွေ စုံပြုံရှိနေပေမယ့်လည်း အသင်းပြောင်းရွှေ့ဖို့ထက် အသင်းမှာသာ ဆက်လက် ရှိနေသွားချင်တယ်လို့ သိရပါတယ်။

Photo Credit : Twitter

လူကာကူကို သူရဲ့အသင်းဟောင်း အင်တာမီလန်ဆီ ပြန်ပို့ခဲ့ပြီးနောက် အခုလည်း ဂျာမနီ တိုက်စစ်ကစားသမား တီမိုဗာနာကိုပါ လိုက်ပ်ဇစ်အသင်းဆီ ပြန်လည် ပို့ဆောင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ဟာကင်ဇီယက်ရှ်နဲ့ပါ လက်တွဲဖြုတ်ရဖွယ် ရှိနေတဲ့ အခြေအနေတွေကြောင့် ရာဟင်စတာလင် တစ်ဦးတည်းကိုသာ အားဖြည့်ထားခဲ့ရတဲ့ ချယ်လ်ဆီးက အာဆင်နယ် တိုက်စစ်မှူးဟောင်း အူဘာမီယန်းကိုပါ ပစ်မှတ်ထားလာရတာ ဖြစ်ပါတယ်။ ဘာစီလိုနာ တိုက်စစ်ကစားသမား အူဘာနဲ့ ချယ်လ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်တို့က ဒေါ့မွန်အသင်းမှာကတည်းက တွဲဖက်ခဲ့ဖူးသူတွေဖြစ်လို့ ဒီအပြောင်းအရွှေ့က ဖြစ်ပေါ်လာနိုင်တယ်လို့ ထင်ကြေးတွေ ပေးနေကြပေမယ့်လည်း လက်ရှိအချိန်ထိ ချယ်လ်ဆီးဘက်က ကမ်းလှမ်းမှုတွေ မပြုလုပ်သေးသလို အူဘာကိုယ်တိုင်ကလည်း ဘာစီလိုနာမှာသာ ပျော်ရွှင်နေပါတယ်။

Photo Credit : Twitter

နဂိုကတည်းက မန်ဖစ်ဒီပိုင်း ဖယ်ရန်တောရက်စ် အူစမန်ဒမ်ဘီလီ အန်ဆူဖာတီ မာတင်ဘရေ့ဝိတ်နဲ့ အူဘာမီယန်းတို့ ရှိနေတဲ့ တိုက်စစ်ပိုင်းကို ရောဘတ်လိဝန်ဒေါစကီးနဲ့ ရာဖင်ညာတို့ပါ ထပ်မံဖြည့်တင်းလိုက်တာကြောင့် ဘာစီလိုနာ တိုက်စစ်ပိုင်းက ကစားသမား ဖောင်းပွသွားရသလို ကစားသမားတချို့ရဲ့ အနာဂတ် အခြေအနေတွေပါ လှုပ်ခတ်လာခဲ့ရပါတယ်။ ဒီလို အနာဂတ် မတည်မငြိမ် ဖြစ်လာရတဲ့ တိုက်စစ်ကစားသမားတွေထဲမှာ ဒီပိုင်း ဘရေ့ဝိတ်တို့အပြင် အူဘာမီယန်းပါ ပါဝင်လာခဲ့တာကြောင့် တိုက်စစ်ပိုင်း လိုအပ်ချက်တွေ ရှိနေကြတဲ့ ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက်အသင်းတွေနဲ့ပါ သတင်းထွက်လာခဲ့ရပါတယ်။ ဒါပေမယ့် အူဘာမီယန်း ကိုယ်တိုင်ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ အာဆင်နယ်ကနေ ပြောင်းရွှေ့လာတဲ့ ဘာစီလိုနာအသင်းမှာသာ သူရဲ့ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းသွားချင်နေပြီး အသင်းမှာ ပုံမှန်နေရာအတွက် တိုက်ပွဲဝင်သွားဖို့ကိုလည်း ဆန္ဒရှိနေပါတယ်။

Exit mobile version