ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်ရဲ့ နောက်ဆုံးနေ့ရက်မှာ အာဆင်နယ်ကနေ ဘာစီလိုနာအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ တိုက်စစ်ကစားသမား ပီယာအန်းမရစ်အူဘာမီယန်းက သူက အတွေ့အကြုံရှိ ကစားသမားတစ်ဦး ဖြစ်တာကြောင့် သူရဲ့အသင်းသစ် ဘာစီလိုနာအတွက် အရာအားလုံးကို အကောင်းဆုံး ပေးစွမ်းသွားမယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Barcelona news: Pierre-Emerick Aubameyang speaks out on Barca move

Photo Credit : Clutch Points

ဂါဘွန်လက်ရွေးစင် တိုက်စစ်ကစားသမား အူဘာမီယန်းဟာ သူရဲ့ စည်ကမ်းပိုင်း အားနည်းချက်ကြောင့် အသင်းခေါင်ဆောင် တာဝန်ကနေ ဖယ်ရှားခံရကတည်းက သူနဲ့ အာဆင်နယ် ကစားသမားဘဝဟာ လှုပ်ခတ်လာခဲ့ရတာဖြစ်ပြီး ဆောင်းရာသီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံးနေ့ရက်မှာတော့ အာဆင်နယ်နဲ့ စာချုပ်ဖျက်သိမ်းကာ သူ့ကို ခေါ်ယူချင်နေတဲ့ ဘာစီလိုနာအသင်းနဲ့ လက်တွဲသွားခဲ့ပါတယ်။ အသက်(၃၂)နှစ်အရွှယ် ကစားသမားဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် အေစီမီလန် စိ်န့်အက်တီယန် ဒေါ့မွန် အာဆင်နယ်နဲ့ ဘာစီလိုနာတို့လို ဥရောပထိပ်တန်း လိဂ်(၅)ခုက ကလပ်အသင်း(၅)သင်းမှာ ပါဝင်ကစားခွင့် ရခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Fresh Headline

ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ခွင့် ရရှိခဲ့တဲ့အပေါ် အူဘာမီယန်းက “ဒီကို ရောက်လာခဲ့ရလို့ အရမ်းပျော်ရွှင် ဝမ်းမြောက်မိပါတယ်။ ကွင်းထဲမှာ ကစားခွင့်တွေ ရရှိနေဖို့အတွက်ကိုလည်း အရမ်းစိတ်လှုပ်ရှားနေမိတယ်။ ဒါက အရမ်းကို ရှည်ကြာလွန်းတဲ့ ရက်တစ်ရက် ဖြစ်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ ကျွန်တော် ဒီကို ရောက်လလာခဲ့ပါတယ်။ အဲ့ဒီအတွက် စိတ်လှုပ်ရှားနေပါတယ်။ ဘာစီလိုနာက ကမ္ဘာ့အကြီးမားဆုံးသော ကလပ်အသင်းတွေထဲက တစ်သင်းလို့ ကျွန်တော် ထင်ပါတယ်။ ဒီအသင်းမှာ ရှိနေရတဲ့အတွက်လည်း ကျွန်တော် ဂုဏ်ယူမိပါတယ်။ ကျွန်တော့်မှာ အတွေ့အကြုံကောင်းတွေ ရှိထားပါတယ်။ ကျွန်တော်က ပြင်သစ် ဂျာမနီနဲ့ အင်္ဂလန်တွေမှာ ကစားဖူးပါတယ်။ ကျွန်တော် ဒီကို ရောက်လာတာက အသင်းကို ကူညီသွားဖို့နဲ့ ကျွန်တော့်မှာ ရှိသမျှ အရာအားလုံးတွေ ပေးစွမ်းသွားဖို့ပါပဲ” လို့ အင်တာဗျူး အစီအစဉ်မှာ ပြောဆိုသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အူဘာမီယန်းကို လာလီဂါပြိုင်ပွဲမှာပါ ကစားသမား မှတ်ပုံတင်ထားပြီးပြီ ဖြစ်တဲ့အတွက် လာမယ့် တနင်္ဂနွေနေ့ အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ ရင်ဆိုင်သွားရမယ့် လာလီဂါပွဲစဉ်မှာ စတင်ပါဝင်လာနိုင်သလို အသင်းရဲ့ ယူရိုပါလိဂ် ကစားသမား စာရင်းမှာပါ ထည့်သွင်းခံထားရလို့ နာပိုလီအသင်းနဲ့ ရင်ဆိုင်ရမယ့် ယူရိုပါလိဂ် ရှုံးထွက်ပွဲစဉ်မှာလည်း အသင်းအတွက် ကစားပေးရဖွယ် ရှိနေပါတယ်။