အာဆင်နယ် တိုက်စစ်မှူး အူဘားမိယန်းကတော့ ယနေ့ည (၉း၃၀) အချိန်၊ ဝက်စ်ဟမ်းအသင်းနဲ့ ကစားသွားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်ခင်မှာ ထိပ်သီး တိုက်စစ်မှူး ဖြစ်လာဖို့ ဆုဖလား မလိုအပ်ဘဲ အရည်အချင်းသာ လိုအပ်ပါတယ်လို့ အခိုင်အမာ ပြောကြားသွားတာ ဖြစ်ပါတယ်။ အာဆင်နယ် တိုက်စစ်မှူး အူဘားမိယန်းဟာ (၂၀၁၈) ခုနှစ် ဇန်နဝါရီလ အပြောင်းအရွေ့မှာ ဒေါ့မွန်အသင်းကနေ အာဆင်နယ်အသင်းကို ကလပ်စံချိန်တင် ပြောင်းရွေ့ကြေး ပေါင် (၅၆) သန်းနဲ့ ရောက်ရှိလာခဲ့စဉ်ကတည်းက အဓိက ဆုဖလားတွေ မရနိုင်သေးလျက် ရှိနေပါတယ်။

Photo Credit: Goal

တိုက်စစ်မှူး အူဘားမိယန်းဟာ အာဆင်နယ်အသင်းနဲ့ (၂၀၁၇-၁၈) ခုနှစ်မှာ ကာရာဘောင် ဖလား ဒုတိယ နဲ့ (၂၀၁၈-၁၉) ခုနှစ်မှာ ယူရိုပါလိဂ် ဒုတိယ အဆင့် ရရှိနိုင်ခဲ့ပြီး အာဆင်နယ် အသင်းနဲ့ တစ်ကြိမ်မှတောင် ဆုဖလား မရနိုင်သေးဘဲ ဒုတိယအဆင့်နဲ့ပဲ ကျေနပ်ရပါတယ်။ ဂီဘွန်း လက်ရွေးစင် တိုက်စစ်မှူး အူဘားမိယန်းဟာ လာမယ့် နွေရာသီ အပြောင်းအရွေ့မှာ အာဆင်နယ်အသင်းကနေ ထွက်သွားနိုင်ချေ ရှိတယ်လို့ သတင်းတွေ ထွက်နေလျက် ရှိပြီး သူက ထိပ်သီး တိုက်စစ်မှူး ဖြစ်လာဖို့ ဆုဖလားတွေ မလိုအပ်ပါဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

SkySports သတင်းမှာ တိုက်စစ်မှူး အူဘားမိယန်းက “ကျွန်တော်က တိုက်စစ်မှူး တစ်ဦးပါပဲ။ ဒါကြောင့် ကျွန်တော့်ရဲ့ အသင်းကို ကျွန်တေ်ာ ကာကွယ်မှာပါ။ ထိပ်သီး တိုက်စစ်မှူး ဖြစ်ဖို့ ဆုဖလားတွေ မလိုအပ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ သေချာတာကတော့ ဆုဖလားတွေက ထိပ်သီး တိုက်စစ်မှူး ဖြစ်လာဖို့ ကူညီပေးပါတယ်။ ဒါပေမဲ့ ဆုဖလားတွေ မရခဲ့ကြတဲ့ အခြား ထိပ်သီး ကစားသမားတွေကို မြင်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့ရဲ့ အရည်အချင်းကြောင့် သူတို့ကို လေးစားကြပါတယ်။ ထိပ်သီး တိုက်စစ်မှူး ဖြစ်လာဖို့ ဆုဖလား မလိုပါဘူး။ ဒါပေမဲ့ တကယ်လို့ ဆုဖလား ရနိုင်တယ် ဆိုရင်တော့ ပိုကောင်းတာပေါ့။ ချန်ပီယံလိဂ် ဝင်နိုင်ဖို့က ဖြစ်နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာမဆို ဖြစ်နိုင်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။